အတွေးအမြင်ဆောင်းပါး/မာမဃရေးသည်။
Arakan Bay News

ဒီဆောင်းပါးဟာ လူမှုသဟဇာတ အကျိုးစီးပွားကို ရည်ရွယ်ပါတယ်။
ဒီနေ့ခေတ်ဟာ မူဆလင်အရေး ဖြေရှင်းဖို့ အထိရောက်ဆုံး ကာလတစ်ခုသို့ ရောက်နေပါပြီ။ ရက္ခိုင်ပြည်ကို ဒီဖက်တို အစိုးရအဖြစ် အုပ်ချုပ်နေတဲ့ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရကလည်း မူဆလင်အရေးနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ နည်းလမ်းနဲ့ အစမ်း စာမေးပွဲ စစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မောင်တောဒေသကို သွားပြီး ရက္ခိုင်ပြည်တွင်းနေ မူဆလင် အသိုင်းဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံ မှတ်တမ်းတွေရ မူဆလင်အကြီးအကဲ၊ ဘာသာရေးခေါင်းဆောင်တို့ဟာ အပြုံးကိုယ်စီနဲ့ ဗိုလ်ချုပ်ကို လက်ဆွဲနှုတ်ဆက်နေတာကို မြင်ရမှာပါ။
ဆိုတော့ ဒီဖြစ်စဉ်တွေကို တွေးကြည့်ရင် လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနေတာမြင်ရပါတယ်။
ခေတ်အဆက်ဆက် ကမ္ဘာကတောင် ဖြေရှင်းရခက်တဲ့ ရက္ခိုင်- မူဆလင်အရေး၊ ရှုပ်ထွေးနက်နဲတဲ့ ပြဿနာကြီးကို အလွယ်ကူဆုံး ဖြေရှင်းနိုင်ဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေးခွန်းတစောင်ထုတ် လိုက်ပြီလို့ လည်းပြောရမှာပါ။
ဘယ်သူတွေ ဘယ်လိုဖြေဆိုရမှာလဲ။
ဒီမေးခွန်းကို ဖြေဆိုရမှာက ကာယကံရှင်တွေသာ အဓိကပဲဖြစ်ပါတယ်။
ဆိုတော့ ရက္ခိုင်နဲ့ မူဆလင် အသိုင်းအဝိုင်းဟာ တဖက်နဲ့တဖက် အာဃာတနဲ့ စွပ်စွဲချက်တွေကို နားလည်မှုနဲ့ သတ္တိရှိရှိ ဖြေရှင်းကြဖို့ အရေးကြီးလာပါတယ်။ ဒီနည်းဟာ လူမှုသဟဇာတကို အခြေခံပြီး မေတ္တာတရားနဲ့ ဘောင်ကွပ်ဖို့ အတွက်ပါ ။ ဒီဖြေရှင်းနည်းဟာ ဒီပလိုမေစီ (Diplomacy) လည်း ဖြစ်သလို လက်တွေ့ကျကျ (Practically) နည်းနာလည်း ဖြစ်နိုင် ပါတယ်။ တခါ နောင်မျိုးဆက်တွေရဲ့ အနာဂတ်တွေကို ကယ်ဆယ်ဖို့အထိ ခရီးပေါက်ပါတယ်။
တကယ်တော့ ပြီးခဲ့တဲ့ ရက္ခိုင် မူဆလင် ပဋိပက္ခတွေအတွက် တာဝန်ရှိသူဟာ အာရက္ခတပ်တော် မဟုတ်ပါဘူး။ စစ်အာဏာရှင် နေပြည်တော်အုပ်စုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီနေ့မှာတော့ AA မှာ ဒီပြဿနာ အရင်းခံကို ဖြေရှင်းနိုင်ဖို့ စွမ်းအင်ရှိ နေပါပြီ။
ဒီအချိန်မှာ ကြိုက်သည်ဖြစ်စေ။ မကြိုက်သည်ဖြစ်စေ ငြင်းမရတဲ့ အကျိုးစီးပွားတွေနဲ့ နီးကပ်စွာ ဆက်စပ်နေတာ ကြောင့် နှစ်ဘက်လူ့အဖွဲ့စည်း သင့်မြတ်ရေးက ပထမ ဦးစားပေးဖြစ်ပါလိမ့်မယ်။ ယုံကြည်မှုနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုကသာ သမာသမတ်ကျတဲ့ တရားသူကြီး ဖြစ်မှာပါ။
AA ဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို တိုက်ထုတ်ပြီး အာရက္ခပြည်တော်သစ် တည်ဆောက်နေချိန်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ချုပ်ငြိမ်းရေးက အရေးကြီးပါတယ်။
ARSA နဲ့ ပြည်ပရောက် လူ့အခွင့်အရေး အရေခြုံတွေ
ဒီမေးခွန်းကို ဖြေဆိုရမယ့် အထဲ မူဆလင်လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ RSO၊ ARSA၊ ARA စတဲ့ အုပ်စုတွေ လည်းပါမှာပါ။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် တိုက်ပွဲတုန်းက AA ကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပါပြီ။ အခု လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ AA ကိုတိုက်နေပါတယ်။ ဒါတွေဟာ အဖြေ မဟုတ်လောက်ပါဘူး။
ဒီအကျိုးဆက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်နေသူတို့ အိမ်ပြန်ခရီး ဝေးကွာစေပါတယ်။ နယ်စပ်ဒေသ စစ်မီးထ တောက်လေလေ ဒုက္ခသည်တွေ အရေးဆွေးနွေးဖို့ လမ်းစပျောက်လေလေ ဖြစ်မှာပါ။
စစ်အာဏာရှင်ကို မတော်လှန်ဘဲ AA ကို တော်လှန်မယ် ဆိုကတည်းက လမ်းကြောင်းလွဲသွားပါပြီ။ ဒီအချိန်မှာ AA ဟာ ရန်သူမဟုတ်ဘူး ဆိုတာ ပြသရမဲ့ အချိန်ပါ။
နောက်ပြီး ပြည်ပရောက် မူဆလင် အခွင့်အရေးအော်နေသူတွေပါ။ အာဏာရှင် တော်လှန်ရေး တိုက်ပွဲ ကာလတ လျှောက်နဲ့ ဒီနေ့အထိ AA ကို စွပ်စွဲ တိုက်ခိုက်နေတာပါ။ ယုတ္တိမရှိတဲ့ လုပ်ကြံစွပ်စွဲမှုတွေနဲ့ အာရက္ခတပ်တော်ကို ကမ္ဘာ့ အခင်းကျင်းထဲ လူဆိုးစာရင်းဝင်အောင် ကြံစည်ကြပါတယ်။
ဒီလုပ်ရပ်နောက်မှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ များမှာပါ။ နစ်နာမှာက မြေပြင်က မူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေပါ။
AA ဟာ ပြတ်သားပြီး လုပ်စရာရှိတာ လုပ်သွားမှာပါ။ AA ရဲ့ ရက္ခိတလမ်းစဉ်ကို ဟန့်တားနေမယ်ဆိုရင် ပြဿနာ အဆုံး သတ် မဟုတ်လောက်မှာ သေချာပါတယ်။
တကယ်မြေပြင်မှာ ရှုပ်ထွေးတဲ့ အနေအထားကို တဖက်နဲ့တဖက် ဘာတွေစွပ်စွဲနေလဲ ဆိုတာ ရှင်းလင်းစွာ နားလည်ဖို့နဲ့ ဘယ်သူတွေ ဖန်တီးခဲ့တာလဲ။ ဘယ်သူတွေ အကျိုးအမြတ်ရစေလဲ ဆိုတာ သဘောပေါက်ဖို့ လိုပါ့မယ်။
အရှိတရားကို လက်ခံပါ
ဒီကာလမှာ မတူကွဲပြားခြင်းထဲကနေ အနာဟောင်းတွေ ဆွပြီး ပြန်စခဲ့ရင် တစ်နည်းအားဖြင့် အခြေနေ ထိန်းမရရင် ဘာဖြစ်လာမလဲ အကျိုးဆက်ကို ထည့်သွင်းစဉ်းစားရမှာပါ။ ပြီးခဲ့တဲ့ ကာလတုန်းက အကျိုးဆက်ကို ဒီနေ့အထိ ခံနေရဆဲပါ။ နောင်လာမဲ့ နှစ်တွေမှာ ဘယ်သူ့ အဖွဲ့အစည်းကမှ ခံစားလိုစိတ်မရှိသင့်တော့ပါဘူး။
လက်ရှိ အာရက္ခပြည်သူ့ အစိုးရထံမှာ ဒေသနေ မူဆလင်ခေါင်းဆောင်တွေ ပညာအရည်အချင်း၊ လုပ်ရည်ကိုင်ရည် ကျွမ်းကျင် လိမ္မာမှုအလိုက် တာဝန်ထမ်းနေကြပါပြီ။ စစ်တပ်၊ ရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ပညာရေး၊ ကျန်းမာ ရေး စတဲ့နေရာတွေမှာ တာဝန်ယူနေကြပါပြီ။
အာရက္ခပြည်အပေါ် သစ္စာရှိရင် ပူးပေါင်းဖို့ ဗိုလ်ချုပ်က ကမ်းလက်ပေးထားပြီးသားပါ။ ဒါကြောင့် ရက္ခိုင်ပြည်တွင်းနေ မူဆလင် အသိုင်းဝိုင်းတွေက ငြိမ်းချမ်းစွာ အတူတကွနေထိုင်ဖို့ ကောင်းကောင်း လက်ခံသင့်ပါတယ်။ အခက်အခဲ ကို ရင်ဆိုင်ပြီး အခွင့်အရေးကိုလည်း ခွဲဝေမျှယူဖို့ သဘောပေါက်သူတွေ လိုအပ်ပါတယ်။ စစ်ပွဲပြင်းချိန် ဆင်းရဲ ဒဏ်ခံခဲ့ပြီး စစ်ပွဲငြိမ်းချိန် ပြန်လာနေကြပါပြီ။ ဒါတွေက အရှိတရားတွေပါ။
AA အပေါ် တိုက်ခိုက်ရုံနဲ့ ခရီးမပေါက်နိုင်
အခြားတဖက်မှာလည်းရက္ခိုင် ပြည်တွင်းနေ မူဆလင်တွေနဲ့ နိုင်ငံခြားမှာ နေထိုင်ကြတဲ့ မူဆလင်တွေမှာ အကျိုး စီးပွားက မတူညီကြပါဘူး။ ပြည်ပနေ မူဆလင် လူ့အခွင့်အရေးအော်နေသူတွေဟာ မိမိအကျိုးစီးပွား အတွက် မူဆလင်တွေကို အသုံးချနေကြတာပါ။ ARSA၊ RSO၊ ARA စတဲ့ အကြမ်းဖက် အဖွဲ့တွေရဲ့ လမ်းစဉ်ကို လက်ခံကြပြီး စစ်အုပ်စုနဲ့ အကြံတူ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးမှုကို လက်ခံကြတယ်။
ဘူးသီးတောင်၊ မောင်တော တိုက်ပွဲတွေမှာ လူမျိုးရေး ဘာသာရေး Sensitive (ထိလွယ်ချလွယ်) ဝါဒဖြန့်ချိ မှုတွေနဲ့ စစ်ကောင်စီရဲ့ အာဂျင်တာအတိုင်း အကောင်အထည် ဖော်ခဲ့ကြတယ်။အခုလည်း ဝေဖန်တိုက်ခိုက်မှု ရှိနေဆဲပါ။
VOA နဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်က “ ဝေဖန်မှုဆိုတာကတော့ ရှိမှာဘဲ။ နိုင်ငံရေး လုပ်ရင်လည်းရှိတယ်။ စစ်တိုက် ရင် ပိုပြီးပြင်းထန်တယ်။ ကျနော်တို့က လုပ်စရာရှိတာကို ယုံကြည်မှုနဲ့ ဆက်လက်လုပ်ဖို့ရှိပါတယ်” လို့ ဆိုပါ တယ်။
AA ဟာ စစ်ကောင်စီ၊ ARSA အုပ်စု၊ ပြည်ပနေ မူဆလင် အရေခြုံလူ့အခွင့် ရေးသမားတွေရဲ့ ဆော့ဝဲလ်၊ ဟတ်ဝဲလ် နှစ်ခုလုံးရဲ့ ထိုးနှက်တိုက်ခိုက်မှု ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ်။ ဒီကနေ့လည်း နိုင်ငံရေးတစ်ဖက် စစ်ရေး တစ်ဖက် ကြား လူမှုသဟဇာတအရေးကို လက်တွေ့လုပ်ပြနေတာပါ။ ဗိုလ်ချုပ်ဟာ လက်တွေ့နိုင်ငံရေသမား (Practical politician) ဖြစ်ပါတယ်။
စကားကို ချင့်ချိန်ပြောတတ်ပါတယ်။ ပြောတဲ့အတိုင်းလုပ်ပြီး လုပ်တဲ့အတိုင်း တာဝန်ယူပါတယ်။ “ ကျနော်တို့ဖက် က မှားယွင်းတဲ့ ဟာဖြစ်ဖြစ်၊ လုပ်စရာရှိတာကို ဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေကို ကတိကဝတ်နဲ့ အာမခံဖို့ အနေ အထားရှိပါတယ် ” လို့ VOA နဲ့ အင်တာဗျူးမှာ ထုတ်ပြောဖူးပါတယ်။
အခု ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မူဆလင်အကြီးအကဲတွေဟာ ရက္ခိုင်ပြည် ပြန်လည်ထူထောင်ရေး၊ အသိုက်အဝန်းနှစ်ခု အကြား လူမှုသဟဇာတအရေး၊ ရှေ့ဆက်လျှောက်ရမယ့် လမ်းခရီးကို အစီအစဥ်ရေးဆွဲပြီးသားပါ။ ကမ္ဘာ့မြေပြင်ထက် ဂုဏ်သိက္ခာရှိတဲ့ လူ့မှုအသိုင်းအဝန်းတွေကို ပုံဖော်ဖို့ဖြစ်ပါတယ်။
ဆိုတော့ အာရက္ခပြည်တော်သစ်မှာ နေထိုင်ဖို့နဲ့၊ ပြည်တွင်းမှာ ဖြစ်လာတဲ့ ဆိုးမွေ၊ ကောင်းမွေတွေကို လက်ခံနိုင် ရမှာပါ။ ဘေးထိုင်ဘုပြော အခွင့်အရေးမျှော်အဆင့်နဲ့တော့ အာရက္ခပြည်မှာ နေရာ ရမလာပါဘူး။
ဒါကြောင့် မြေပြင် ရက္ခိုင်နဲ့ မူတ်ဆလင် လူမှုသဟဇာတဖြစ်နေခြင်းဟာ ပြည်ပနေ ပြဿနာ ဖန်တီးနေသူတွေကို မေးခွန်းပေးလိုက်ခြင်းလည်းဖြစ်နိုင်ပါတယ်။ ဒီမေးခွန်းကို ကာယကံရှင်တွေ ဦးစားပေးဖြေဆိုရမှာဖြစ်ပြီး။ မူဆလင် အရေးလှုပ်ရှားသူ ပြည်ပအုပ်စု၊ အကြမ်းဖက် စစ်ကောင်စီနဲ့ ARSA တို့ကို အကျုံးဝင်မှာပါ။
အသိ၊ သတိနဲ့ ချင့်ချိန်စရာတွေ
ဒီနေ့ ကမ္ဘာကြီးဟာ ကိုယ့်နိုင်ငံမှာ ကိုယ့်ဒုက္ခနဲ့ကိုယ် ရှုပ်ထွေးနေပါတယ်။ ကမ္ဘာက အာရုံစိုက်ဖို့ထက် ကိုယ့် အ ကြောင်းကိုယ်ပဲ တွေးနေကြရတာပါ။ အရင်တုန်းကဆိုရင် USAID အမေရိကန်က လူသားချင်း စာနာထောက် ထားမှုတွေ ကမ္ဘာကြီးကို ပေးပါတယ်။ ဒေါ်နယ်ထရမ့် လက်ထက်မှာ အဲဒါတွေ မရှိတော့ပါဘူး။
ဒီနေရာ လစ်ဟာချက်ကို ဘယ်အဖွဲ့က မဝင်နိုင်ပါဘူး၊ EU လည်းမတတ်နိုင်ပါဘူး။ ယူကရိန်းအရေး ဝန်ထုပ်ဝန်ပိုး တွေနဲ့ ပိနေပါတယ်။ ဒီနေ့ကမ္ဘာမှာ လူသားချင်းစာနာမှုတွေပျောက်ကွယ်နေလို့ ရုရှား ယူကရိန်း၊ အစ္စရေး- ပါလက် စတိုင်း စတဲ့ ပြဿနာတွေရှိနေတာပါ။ ဘယ်သူ့မှ အားမကိုးပါနဲ့ ကိုယ့်ကိုကိုယ် နံပါတ်တစ် ဦးစားပေးရမှာပါ။ ဘယ်နိုင်ငံကမှ ဝိုင်းကူမှာ မဟုတ်လောက်ပါဘူး။
ပြီးခဲ့တဲ့ အကျိုးဆက်ကို နောင်လာမဲ့ နှစ်တွေမှာ ဘယ်သူ့အဖွဲ့အစည်းကမှ ခံစားလိုစိတ် မတွေးသင့်တော့ပါဘူး။ တဖန်ပြန်ဖြစ်လာရင် ဘယ်သူ အမြတ်ထွက်မလဲ။ တွေးကြည့်ရင် မြင်မှာပါ။ ဒီလိုမဟုတ်ရင်တော့ နှစ်ဖက်လုံး အနှုတ်လက္ခဏာပါပဲ။
ပစ္စက္ခ အာရက္ခပြည်
ဒီနေ့ ရက္ခိုင်ပြည်အရေးဟာ လျှင်မြန်ပြီး၊ ထူခြားတဲ့ အပြောင်းအလဲတွေ ဖြစ်နေပါပြီ။ ဒီအထဲ အဓိကကျတဲ့ လူမှုသဟဇာတ ဖြစ်ရေးကို ခြိမ်းခြောက်မှုဟာ ကြီးလေးတဲ့ ပြစ်ဒဏ်ဖြစ်မှာပါ။ ရာစုချီကြာ ရက္ခိုင်ပြည် လွတ်မြောက်ရေး လှုပ်ရှားမှုဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွတစ်ခုမှာ ရှိနေပါတယ်။
အာရက္ခတပ်တော် ဒု- စစ်ဦးချုပ်ဒေါက်တာညိုကတော့ ပိုင်းခြေတူရင် ပေါင်းလို့ရတယ်လို့ ဆိုဖူးပါတယ်။
ဒါကြောင့် သင်္ချာဗေဒအရ ပိုင်းခြေတူတဲ့ ဘက်ကရပ်တည်ရင် အနာဂတ်အတွက် ဘယ်လို အကျိုးရမလဲ။ ဆန့်ကျင်ဘက်မှာနေရင် ဘာဖြစ်လာလဲ။ ဘယ်ဘက်ကနေလဲ ဆိုတာ ကာယကံရှင်တွေရဲ့ အဆုံးအဖြတ်ပေါ် မူတည်ပါတယ်။
ဆိုတော့ အခု ဗိုလ်ချုပ်ပေးလိုက်တဲ့ မေးခွန်းလွှာကို ဖြေဆိုပြီး စားမေးပွဲ၊ အောင်ခြင်း၊ ကျရှုံးခြင်းကို တိုင်းတာနိုင် ကြောင်းပါ ခင်ဗျား…။