သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
​သြဂုတ် ၃ ပတ်အတွင်း ကျောက်မဲ နှင့် သီပေါ်တွင် ဗုံးကြဲမှု ၅ ကြိမ်ထိရှိ

AB News – သြဂုတ် ၂၂၊ ၂၀၂၅
မျိုးဟိန်း

သြဂုတ်လ ၃ ပတ်အတွင်း စစ်ကော်မရှင်တပ်မှ TNLA ထိန်းချုပ်ရာ ကျောက်မဲနှင့် သီပေါမြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

သြဂုတ် ၃ ရက်​နေ့တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ စခန်းဟောင်းကို ပေါင် ၂၅၀ ဗုံး ၃ လုံး ကြဲချခဲ့သည်။

သြဂုတ် ၄ ရက်​နေ့တွင် ကျောက်မဲမြို့၊ ရပ်ကွက် (၆)ရှိ စျေးသစ်ဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၁ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့သည်။

သြဂုတ် ၉ ရက် နေ့တွင် သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်ကို ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၃ လုံး ထပ်မံတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ဗုံးစထိမှန် ပျက်စီးခဲ့သည်။

သြဂုတ် ၁၃ ရက်​နေ့တွင် သီပေါမြို့နယ်၊ ပင်ပေါကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့သည်။

သြဂုတ် ၁၈ ရက်​နေ့တွင် သီပေါမြို့၊ အနောက်ရပ်ကွက်နှင့် တောင်မြို့ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံ ၇ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁၇ လုံး ပျက်စီးခဲ့သည်။

စစ်ကော်မရှင်သည် တရုတ်၏ အကူအညီဖြင့် MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့ကို ပြန်လည်ရယူခဲ့ပြီး၊ ထို့နောက် TNLA ထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့ကိုလည်း သိမ်းပိုက်ခဲ့သည်။

ထိုမှတစ်ဆင့် နောင်ချိုမြို့အနီးရှိ မြို့များဖြစ်သော သီပေါ၊ မိုးကုတ်၊ မိုးဗြဲနှင့် ကျောက်မဲ တို့တွင် တိုက်ပွဲဖြစ်ပွားရာနေရာများအပြင် အရပ်သားများနေထိုင်ရာ ဒေသများကိုပါ လက်နက်ကြီးများနှင့် လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ကောင်မရှင်သည် ၎င်းတို့ လက်လွတ်ဆုံးရှုံးထားသည့် မြို့ပေါင်း ၆၃ မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ထိုဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်။

ရက္ခိုင်ကမ်းရိုးတန်းတွင်လည်း စစ်ကော်မရှင်၏ တိုက်ခိုက်ရေး ရေတပ်သင်္ဘော ၁၀ စီးကျော် တိုးချဲ့ချထားမှုကြောင့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်မှ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်​ပြေးနေကြရသည်။

ထို့အပြင် စစ်ကော်မရှင်သည် လက်လွတ်နယ်မြေများကို ပြန်လည်ရယူရန် လေကြောင်းနှင့် ရေကြောင်း စစ်ကူများကို တိုးမြှင့်လုပ်ဆောင်နေပြီး၊ စစ်မှုထမ်းဥပဒေကို အတင်းအကျပ် ပြဋ္ဌာန်း၍ အရပ်သားများကို ဖမ်းဆီးကာ တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်