AB News – သြဂုတ် ၄၊ ၂၀၂၅
မျိုးဟိန်း
တအာင်းပြည်၊ ကျောက်မဲခရိုင်၊ သီပေါမြို့ကို စစ်ကောင်စီမှ ယမန်နေ့တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချခဲ့ကြောင်း TNLA မှ ပြောသည်။
ယမန်နေ့ နေ့လည် ၂ နာရီကျော်ခန့်အချိန်တွင် ယခင်စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ခလရ ၂၃ ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် သီပေါမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူလူထု ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၃ ဆောင်၊ အဆောက်အဦး ၆ ခု နှင့် စာသင်ကျောင်း ၁ ကျောင်းမှာလည်း ဗုံးစထိမှန် ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် နောင်ချိုမြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက် ၎င်းမြို့အနီးအနားတွင်ရှိသည့် သီပေါ နှင့် ကျောက်မဲမြို့များကို လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲမှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ အသက်ဆုံးရှုံးရသည့်အပြင် ထိခိုက်ဒဏ်ရာရရှိကြပြီး နေအိမ်အဆောက်အဦးများမှာလည်း ဗုံးစထိမှန်မှုကြောင့် ပျက်စီးဆုံးရှုံးများလည်း ရှိနေသည်။
စစ်ကောင်စီသည် မြန်မာပြည်အနှံ့ ၎င်းတို့ဆုံးရှုံးထားသော မြို့နယ်များကို ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးအဖြစ် ထုတ်ပြန်ထားသည်။
ထို့အပြင် ဆုံးရှုံးမြို့နယ်များတွင် ၆လ အတွင်း လာမည့်ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် စစ်အင်းအားတိုးချဲ့ခြင်း၊ တန်ပြန်ထိုးစစ်များကို မြန်မာပြည်အနှံ့ စစ်ကောင်စီမှ အပြင်းအထန် ပြုလုပ်နေကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန်နှင့် လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာကြရန် TNLA မှ တိုက်တွန်းပြောဆိုထားသည်။


