သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် နှစ်လကျော်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ၄၅ဦး သေဆုံးကြောင်း AAPP ထုတ်ပြန်

AB News-မတ် ၁၂၊ ၂၀၂၅

ရက္ခိုင်တွင် နှစ်လကျော်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၅ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁၁ရက်နေ့တွင် ထုတ်ပြန်သည်။

“နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှ မတ်လ ၁၁ရက်နေ့ အထိ ရက္ခိုင်ပြည်၌ အကြမ်းဖက် စစ်အုပ်စုကြောင့် အမျိုးသမီး (၂၄) ဦး နှင့် အမျိုးသား (၂၁) ဦး၊ စုစုပေါင်း (၄၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အသက် ၁၈ နှစ် အောက်ကလေးငယ် (၁၂) ဦး ပါဝင်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သေဆုံးသူများအထဲမှ ၄၀ ဦးမှာ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရက္ခိုင်ပြည်၊ ဂွမြို့နယ်ရှိ ဘဝင်ကျေးရွာကို မတ်လ ၉ရက်၊ နံနက် ၁နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဦးထွန်းအောင်သိန်းသည် ဗုံးစထိမှန်၍ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် သေဆုံးသူ၏ သားတစ်ဦးနှင့် သမီးတစ်ဦးတို့မှာလည်း ဗုံးစထိမှန်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ကာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ မတရားစစ်အာဏာသိမ်းချိန်မှစ၍ ယခု မတ်လ ၁၁ရက်နေ့ အထိ အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်း၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရရှိရေး လှုပ်ရှားသူများနှင့် အရပ်သားပြည်သူ စုစုပေါင်း (၆၃၉၉) ဦး ရှိခဲ့ပြီဖြစ်ကြောင်းလည်း AAPP ကရေးသားထားသည်။

ယင်းအပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ အရေအတွက်မှာလည်း စုစုပေါင်း (၂၈၈၀၀) ဦးရှိပြီး ယင်းအထဲမှ (၂၂၀၂၁) ဦးမှာ ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ထိန်းသိမ်းခံထားရသူများအနက် (၁၀၅၈၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းလည်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ