
AB News – သြဂုတ် ၁၈၊ ၂၀၂၅
မျိုးဟိန်း
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂ ပတ်အတွင်း မိုးကုတ်မြို့တွင် ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် အရပ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂ ရက်နေ့တွင် မိုးကုတ်မြို့အနောက်ပိုင်း၌ ဗုံးကြဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ ဆောင်လည်း ပျက်စီးခဲ့သည်။
ထို့နောက် သြဂုတ်လ ၉ ရက်နေ့တွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့ရာ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကာနေအိမ် ၅ ဆောင်လည်း ဗုံးစထိမှန်ခဲ့သည်။
သြဂုတ်လ ၁၄ ရက်နေ့၌ ရွှေဂူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့သောကြောင့် ၂၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၅ ဆောင်လည်း ပျက်စီးခဲ့သည်။
သြဂုတ်လ ၁၆ ရက်နေ့တွင် မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအနီး၌ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး နေအိမ် ၃ ဆောင် ပျက်စီးခဲ့သည်။
ယင်းတိုက်ခိုက်မှုများကြောင့် စုစုပေါင်း အရပ်သား ၄၀ ဦး သေဆုံးခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃၃ ဆောင် ပျက်စီးခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၉ ဦး သေဆုံးကာ ၄၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃၈ ဆောင်လည်း ပျက်စီးခဲ့သည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် နောင်ချိုမြို့ကို သိမ်းပိုက်ထားပြီးနောက် ကျောက်မဲ၊ သီပေါ၊ မိုးဗြဲနှင့် မိုးကုတ်မြို့များကို ဆက်လက်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်လာနေသည်။
TNLA က ဒေသခံများကို လေကြောင်းရန်အထူးဂရုစိုက်ရန် သတိပေးထားသည်။