သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့တွင်းမှ ထွက်ပြေးသည့် ပြည်သူများကို စစ်ကောင်စီက ပစ်သတ်နေ၊ လူသားဒိုင်းကာအဖြစ် ပြည်သူအမြောက်အများကို မြို့တွင်းတွင် ပိတ်လှောင်ထား

AB News-စက်တင်ဘာ ၂၊ ၂၀၂၄

စစ်တွေမြို့တွင်းတွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် အပြစ်မဲ့ ပြည်သူများကို ပိတ်လှောင်ထားပြီး၊ ထွက်ပြေးသူများကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှု ရှိနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့ညတွင် စစ်တွေမြို့ထဲမှ ထွက်ပြေးခဲ့ကြသည့် ပြည်သူ အချို့ ကို စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရပြီး ၎င်းတို့အထဲမှ ၂ ဦးမှာ အသေးစား အလတ်စား ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။ (လုံခြုံရေးအရ အသေးစိတ်အချက်အလက်များကို မဖော်ပြခြင်းဖြစ်သည်)။

စစ်ကောင်စီတပ်သည် စစ်တွေမြို့ ပတ်လည်ရှိ အဝင်/အထွက် ကုန်းလမ်း၊ ရေလမ်းများ အားလုံးကို အလုံးစုံပိတ်ထားပြီး ၂၄ နာရီအချိန်ပြည့် အစောင့်ချ၍ ပိတ်ထားကြောင်း သိရသည်။

စစ်တွေမြို့ အဝင်/အထွက် ကုန်းလမ်း၊ ရေလမ်း ဂိတ်များကို စစ်ကောင်စီက ရက္ခိုင်တွင် တိုက်ပွဲ စဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ပိတ်ထားလိုက်ခြင်းဖြစ်သည်။

စစ်တွေမြို့တွင်းမှ AA ထိမ်းချုပ်ရာ နယ်မြေများသို့ ခိုးထွက်သူများထဲမှ အချို့မှာ မိုင်းထိ၍ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည့်အပြင် စစ်ကောင်စီသည် လက်ရ ဖမ်းဆီးရမိသွားသူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ အကျဥ်းချခြင်းများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ပါဒလိတ်၊ အောင်တိုင်ကျေးရွာများမှ ကလေးငယ်များအပါအဝင် ပြည်သူ ၁၁ ဦး စစ်ဘေးရှောင်ရန် စက်လှေဖြင့် ထွက်ပြေးကြစဥ် စစ်ကောင်စီတပ် နေဗီက လိုက်လံ ဖမ်းဆီး ပစ်ခတ်သဖြင့် အမျိုးသား ၂ ဦးသေဆုံးသွားခဲ့ကာ ၂ ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ၅ ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။

ထို့အပြင် ဧပြီလ ၂၁ ရက် နံနက် ၃ နာရီအချိန်တွင် ပြည်သူ ၁၃၀ ကျော်သည် စစ်တွေမြို့မှ ထွက်ခွာလာရာ ဂန့်ဂေါ်ကျွန်းရွာသို့ အရောက်တွင် စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်သဖြင့် ကြောက်လှန့်ပြီး ကစဥ့်ကလျားထွက်ပြေးကြရာ စစ်ကောင်စီအဖွဲ့က ထောင်ထားသည့် မိုင်းများကို နင်းမိ၍ ၃ ဦးမှာ နေရာတွင်သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကာ လူဦးရေ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီသည် စစ်တွေမြို့တွင်းတွင် ရှိသည့် ပြည်သူများကိုလည်း အကြောင်းအမျိုးမျိုးပြကာ အစုလိုက် အပြုံလိုက် ဖမ်းဆီးထောင်ချမှုများရှိလျက်ရှိနေသည်။

စစ်တွေမြို့ထဲတွင် စစ်တွေမြို့နယ်ရှိ ရက္ခိုင်ကျေးရွာများမှ ပြည်သူများ၊ စစ်တွေမြို့ခံပြည်သူများနှင့် UN အဖွဲ့အစည်းလက်အောက်ခံ INGO အဖွဲ့များရှိနေသည်ဟု သိရပြီး အရေအတွက်ကိုမူကား အတည်မပြုနိုင်သေးပေ။

တဖက်တွင် စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများမှ မူဆလင်အမျိုးသားများအား စစ်တိုက်ရန် စစ်ကောင်စီအဖွဲ့က ဖိအားပေးစည်းရုံးလျှက်ရှိသောကြောင့် လူမျိုးရေးပဋိပက္ခဖြစ်လာမည်ကို ပိတ်မိနေသည့် စစ်တွေမြို့တွင်းရှိ ပြည်သူများက စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ