
AB News – ဇန်နဝါရီ ၂၀၊ ၂၀၂၆
အောင်စိုး
ရက္ခိုင်ကမ်းရိုးတန်းပင်လယ်ပြင်တွင် စစ်ကော်မရှင်၏ ရေတပ်နေဗီက အထိုင်ချရပ်နားကာ ရေလုပ်သား(ငါးဖမ်းသမား)များကို စစ်ရေးပစ်မှတ်ထား၍ ဖမ်းဆီး၊ ပစ်ခတ်နေမှုကြောင့် ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံပြည်သူများမှာ ဘဝရပ်တည်နိုင်ရေးအတွက် အခက်အခဲစိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။
ပင်လယ်ပြင်တွင် စိုးမိုးနိုင်သေးသော စကမ နေဗီများသည် ဒေသခံငါးဖမ်းလှေများကို လှစ်လံဖမ်းဆီးခြင်း၊ ငွေညစ်ခြင်းများရှိသည့်အပြင် မတရားသတ်ဖြတ်မှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာမှ ငါးဖမ်းစက်လှေ ၃ စီးနှင့်အတူ ရေလုပ်သား ၂၈ ဦးကို ပေါက်တောမြို့နယ်၊ ပန်းနံ့သာကျွန်းအနီး စကမ နေဗီက မတရားဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသည့် မူဆလင်ရေလုပ်သား ၂၈ ဦးမှာ နော်ဇီရာမာန် စက်လှေပိုင်ရှင် (၃၀ နှစ်)၊ ကာသိမ်း (၅၀ နှစ်)၊ အာယူပ် (၅၀ နှစ်)၊ နာသိရ် (၄၅ နှစ်)၊ အာဒူရော်သော်တ် (၄၀ နှစ်)၊ မာမာတ်အာန်သာရ် (၂၂ နှစ်)၊ လာလူး (၁၈ နှစ်)၊ မာတ်နူရ် (၂၅ နှစ်)၊ ဟဘဲရ် (၂၀ နှစ်)၊ မာတ်သော့ယော်တ် ဘုတ်ပိုင်ရှင် (၃၅ နှစ်)၊ ရော်ဖီ (၅၀ နှစ်)၊ အာဒူလောက် (၅၀ နှစ်)၊ အာမာနူလာ (၁၇ နှစ်)၊ ဒေါ့လာ (၃၀ နှစ်)၊ မူဟီဒိန် (၂၇ နှစ်)၊ မာသူန် (၃၈ နှစ်)၊ နူရာမိန် (၃၀ နှစ်)၊ အာဒူဟဘဲတ် (၁၇ နှစ်)၊ ဟရုံး ဘုတ်ပိုင်ရှင် (၂၈ နှစ်)၊ အူပါန် (၂၃ နှစ်)၊ ဘာကဲရ် (၂၇ နှစ်)၊ ယေမာမာတ် )၂၁ နှစ်)၊ ရော်ဘီ (၂၅ နှစ်)၊ အာဒူကော်ရိမ် (၃၃ နှစ်)၊ ချူးကူ (၃၇ နှစ်)၊ မာသောင် (၃၀ နှစ်)၊ အာဘူကာလာမ် (၁၆ နှစ်)နဲ့ နူရော်လောက် (၃၀ နှစ်)တို့ ဖြစ်သည်။
ထို့အပြင် စစ်တွေမြို့အနီး ပင်လယ်အော်တွင် ရပ်နားထားသည့် နေဗီများကို ကြောက်ရွံ့၍ ပေါက်တောဒေသခံ ရေလုပ်သားများမှာလည်း မိမိနေရာဒေသမှ ဘေးလွတ်ရာသို့ ပြောင်းရွေ့အခြေချ နေထိုင်လာရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာမှ ငါးဖမ်းလှေ ၄ စီးနှင့်အတူ ဒေသခံ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သံတွဲဒေသခံများဖြစ်သည့် ကိုမိုးကျော်အောင်၊ ကိုမောင်စိုးကျော်၊ ကိုအောင်မင်းလွင်၊ ကိုလပြည့် စကမနေဗီက ဖမ်းဆီးထားဆဲဖြစ်ပြီး ရေထဲပျောက်ဆုံးနေသူ ကိုအောင်ကျော်ထွန်း နှင့် ဖမ်းဆီးစဥ် လွတ်မြောက်လာသူ ကိုကျော်ဇံဖြိုး တို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပင်လယ်ပြင်တွင် ရပ်နားထားသည့် စကမ နေဗီများသည် ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများအား လိုက်လံဖမ်းဆီးမှုများအပြင် အနီးအနားရှိ လူနေကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ ရံဖန်ရံခါ ပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်ထား ပစ်ခတ်နေမှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရပြီး ထိခိုက်သေဆုံး၊ ဒဏ်ရာရသူများလည်း ရှိနေကြောင်း သိရသည်။