
AB News – ဖေဖော်ဝါရီ ၁၊ ၂၀၂၅
ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်ကော်မရှင်(စကမ)နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း APM ၏ ဖော်ပြချက်အရ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ညနေပိုင်းတွင်း ဇင်ချောင်းကျေးရွာဖက်သို့ စစ်ကော်မရှင် နေဗီမှ လက်နက်ကြီးကျည် ၃ လုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွယ်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ်၊ ဦးမောင်ဖြူစိုး (ခေါ်) ခင်မောင်ထွေး ဖြစ်သည်။
၎င်းသည် ဇင်ချောင်းကျေးရွာ နှင့် ကျောက်ကလေကျေးရွာကြား ပင်လယ်ကမ်းစပ်အနီးရှိနေစဥ် အနီးအနားသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့၍ ပွဲချင်ပြီး သေဆုံးခဲ့ရကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့၊ ညအချိန်တွင်လည်း စကမနေဗီမှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးကျယ်ထိမှန်၍ ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာမှ ဒေသခံ ၂ ဦးသေဆုံးခဲ့သည်။
လက်ရှိကျောက်ဖြူတွင် အာရက္ခတပ်တော်နှင့် စကမ တို့ကြား နှစ်ဖက်စစ်ရေးအရှိန်မြှင့်တက်နေသကဲ့သို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
တိုက်ပွဲဧရိယာကျယ်လာသည်နှင့်အမျှ စကမ ဘက်မှ အကျအဆုံးများလာကာ အနီးအနားရှိ လူနေကျေးရွာများသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေကြောင်း ဆိုသည်။
ထိုသို့ လက်နက်ကြီးနှင့် လေကြောင်း ရမ်းသန်းပစ်ခတ်မှုများကြောင့် အနီးအနားကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသကဲ့သို့ ထိခိုက်သေဆုံးသူများလည်း ရှိကြောင်း သိရသည်။
#ရက္ခိုင် #ကျောက်ဖြူ #စကမ #နေဗီ
#လက်နက်ကြီး #ပြည်သူ #သေဆုံး