သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်ရှိ အရပ်သားနေအိမ်ကို စစ်ကောင်စီက ဗုံးကြဲ၊ သက်ကြီးပိုင်း အမျိုးသား ၁ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ

AB News -မတ် ၁၀ ၊ ၂၀၂၅

ရက္ခိုင်ပြည်၊ ဂွမြို့နယ်ရှိ ဘဝင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူသွားမှာ ဂွမြို့နယ် ဘဝင်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးထွန်းအောင်သိန်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၉ ရက်နေ့ ညဉ့် ၁နာရီကျော်လောက်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဘဝင်ကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဦးထွန်းအောင်၏ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ၁ဦးက AB Newsသို့ပြောသည်။

‘’မနေ့ည ၁ နာရီကျော်လောက်မှာ လာချတာ။ လူတွေ အိမ်မောကျနေတဲ့အချိန် ဟုန်းခနဲ့ လာချသွားတာ။ ဦးထွန်းအောင်ရဲ့ နေအိမ်အနားမှာ ကျတယ်။ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိသွားတယ်’’ ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ ဦးထွန်းအောင်၏သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ဖြိုးဝေစိုးနှင့် သမီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မမေသဇင်တို့ဖြစ်ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားခဲ့သည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ကျိန္တလီမြို့ကို ထပ်မံဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားခဲ့သည်။

အာရက္ခတပ်တော်က ဂွမြို့နယ်အား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ ကြက္တိန်အောက်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားလူနေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပြာကျသွားခဲ့သည်။

ယင်းအပြင် မတ်လ ၆ ရက်နေ့တွင်လည်း စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ကျောက်ဖြူမြို့နယ် ဦးဂင်းရွာတို့ကိုအကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဒရုန်းများဖြင့် ဗုံးချ၍ မီးရှို့ခဲ့ခြင်းကြောင့် ဝါဘိုကျေးရွာမှ အရပ်သားလူနေအိမ် ၃၅ အိမ်ခန့် မီးလောက်ကျွမ်းသွားပြီး ဦးဂင်းရွာမှ အရပ်သားလူနေအိမ် ၁၄၀ ကျော်ခန့် မီးလောင်ကျွမ်းသွားသည်ဟု သိသည်။

ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မတ်လ ၆၊ ၇ ရက်အတွင်း လူနေအိမ် ၂၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ