
AB News – ဇန်နဝါရီ ၂၇၊ ၂၀၂၆
ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာအတွင်း စစ်ဘေးရှောင်များ နေထိုင်သည့် စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သော လသားအရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သည့် လသားအရွယ် ကလေးငယ်မှာ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံဒွိန်ရွာမှ ဦးညီစိကေနှင့် ဒေါ်ခိုင်နှင်းရီ တို့၏သား မောင်အေးမင်းခိုင် ဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ၊ ၅၆ မိနစ်တွင် စစ်ဘေးရှောင်များ နေထိုင်သည့် စာသင်ကျောင်းကိုအား စစ်ကော်မရှင်က အသေခံဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ၎င်းနေရာမှာတင် ပွဲချင်းပြီး ၂ ဦးသေဆုံးခဲ့ပြီး ၉ လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူများအနက် လသားအရွယ် မောင်အေးမင်းခိုင်သည် ဆေးကုသမှုခံယူနေစဥ် ယမန်နေ့တွင် သေဆုံးခဲ့ကြောင်း ဆွေမျိုးတော်စပ်သူများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီ၊ ၃၅ မိနစ်အချိန်တွင် ဇင်ချောင်းကုန်းဘွေရွာ၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမထက် ရွှေရက္ခိုင်ကားဂိတ်အနီးသို့ စစ်ကော်မရှင်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဇန်နဝါရီ ၁၈ ရက်၊ ညအချိန်တွင် ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေရွာအနီးပတ်ဝန်းကျင်ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ အသုံးပြု၍ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။