AB News- ဇန်နဝါရီ ၂၃ ၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်းဘွေရွာအနီးကို စစ်ကော်မရှင်လေတပ်မှ အသေခံဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရရှိသွားခဲ့ရသည်။
ယမန်နေ့ နံနက် ၁၁ နာရီ၊ ၃၅ မိနစ်အချိန်တွင် ဇင်ချောင်းကုန်းဘွေရွာ၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမထက် ရွှေရက္ခိုင်ကားဂိတ်အနီးသို့ စစ်ကော်မရှင်က အသေခံဒရုန်းဖြင့် ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကုန်းဘောင်ကြီးကျေရွာမှ အသက် ၃၄ နှစ်အရွယ် ကုလားချေ (ခ) ဦးမင်းသက်ထွန်း၏ ဘယ်ဘက်ခြေမျက်စိ နှင့် အသက် ၂၄ နှစ်အရွယ် မပန်းအိစံ၏ ညာဘက်ဒူးဆစ်တို့ တွင် ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ၎င်းတို့မှာ ဆေးကုသမှု ခံယူနေကြရကြောင်း သိရသည်။
၎င်းအပြင် ဇင်ချောင်းကုန်းဘွေရွာမှ ဒေါ်စောစောဝင်း၏ နေအိမ်ခေါင်းမိုးနှင့် နံရံများမှာလည်း ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးမီးလောင်ပြာကျခဲ့ရသည်။
အလားတူ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကျောက်ကလေကျေးရွာကို စစ်ကော်မရှင်လေကြောင်း ၊နေဗီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦးသေဆုံးခဲ့သည်။
ထို့အပြင် ဇန်နဝါရီ ၁၄ ရက်နေ့၊ ညနေ ၁၀ နာရီကျော်အချိန်တွင်လည်း အကြမ်းဖက် စစ်ကော်မရှင်နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာနီး လယ်ကွင်း၌ ကျရောက်ပေါက်ကွဲခဲ့ရာ ထိုလယ်တဲတွင် ယာယီစစ်ဘေးရှောင်နေသော ဇနီးမောင်နှံ ၂ ဦးသေဆုံးခဲ့ရသည်။

