
AB News – သြဂုတ် ၁၆၊ ၂၀၂၅
မျိုးဟိန်း
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင် ရေတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော် (ရွာဟောင်း) ကျေးရွာမှ အသက် ၄၀ အရွယ်ရှိ ဦးခင်မောင်ချစ် ဖြစ်ကြောင်း သိရသည်။
၎င်းသည် ဩဂုတ်လ ၁၄ ရက်နေ့က လယ်တဲတွင် ရှိနေစဉ် လိပ်ခမော် နှင့် ဂေါ်တူရွာကြား၌ ရပ်တန့်ထားသည့် စစ်ကော်မရှင် ရေတပ်မှ လိပ်ခမော်ကျေးရွာဘက်သို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့သည်။
လက်နက်ကြီးကျည်များသည် ၎င်း၏လယ်တဲအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ထို့အပြင် စစ်ကော်မရှင်၏ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများ မွေးမြူထားသည့် နွား ၇ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။
အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည့် လိပ်ခမော်ရွာစခန်းကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ယမန်နေ့က ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့သည်။
လက်ရှိတွင် လိပ်ခမော်ကျေးရွာအနီးဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သိရသည်။