
AB News – အောက်တိုဘာ ၂၁၊ ၂၀၂၅
မျိုးဟိန်း
မြန်မာနိုင်ငံအနောက်ဖက် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းများကြောင့် ၃၆ နာရီအတွင်း မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ်နိုင်ကြောင်း ယနေ့အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒဌာန မှ ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် မြန်မာစံတော်ချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း မိုး/ဇလ ကဆိုသည်။
၎င်းလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်ကြောင်း ပြောသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်မူ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင် နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။
မိုး/ဇလ ၏ ၂၄ နာရီအတွင်း ပင်လယ်ပြင်ခန့်မှန်းချက်အရ ရန်ကုန် မှ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက် နေရာကွက်ကျား မိုးရွာသွန်းနိုင်ပြီး အမြင်တာ ၄မိုင်၊ မိုးရွာစဥ် ၁ မိုင် ခန့်ရှိနိုင်ပြီး ရေပြင်လေမိုင်မှာ အရှေ့ (သို့) အရှေ့မြောက်ဘက်သို့ တစ်နာရီပင်လယ်မိုင် ၅-၁၀၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ အထိ ရှိနိုင်ကြောင်း ဆိုသည်။
ပင်လယ်ပြင်ရှိ လှိုင်းအခြေအနေများမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်ပေ ၄ ပေ မှ ၇ ပေအထိ ရှိနိုင်ကြောင်း မိုး/ဇလ မှ ခန့်မှန်းထားသည်။
အလားတူ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဖန်ရှန်”သည်လည်း အနောက်ဘက်သို့ ရွေ့လျားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုအပူပိုင်းမုန်တိုင်း “ဖန်ရှန်” သည် အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာကာ နောက်ထပ် ၆ နာရီအတွင်း အားကောင်းသော အပူပိုင်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းထားသည်။
ပုံစာ – မိုး/ဇလဌာနမှ ထုတ်ပြန်ထားသော မြန်မာနိုင်ငံအနောက်ဖက် ဘင်္ဂလားပင်လယ်အော် လေဖိအားနည်း ရပ်ဝန်းများ။