သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်ရရှိခဲ့သည့် ယိုးတရုတ်ရွာမှ အမျိုးသမီး ၁ဦး ထပ်မံသေဆုံး

AB News-ဇွန် ၃၊ ၂၀၂၄

အကြမ်းဖက် စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာသို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်း ပစ်ခတ် တိုက်ခိုက်မှု အရပ်သားပြည်သူ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး ၁ ဦးတို့ နေရာတွင်သေဆုံးခဲ့ပြီး၊ နောက်ထပ်ဒဏ်ရာပြင်းထန်ရရှိခဲ့သည့် အမျိုးသမီး ၁ ဦးသည်လည်း ဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားသည့် အမျိုးသမီးမှာ ယိုးတရုတ်ရွာ ချောင်းစုရပ်ကွက်မှ ဒေါအေးနု အသက် ၄၃ နှစ်ဖြစ်ပြီး ၎င်းသည် ဇွန်လ ၂ ရက်နေ့တွင် သေဆုံးသွားသည်ဟု သိရသည်။

ယိုးတရုတ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် Y12 လေယာဥ်အမျိုးအစားဖြင့် ရွာအတွင်း ၈ နေရာတွင် ဗုံး ၈ လုံး ကြဲချခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် မောင်ကျော်လွင်နှင့် စစ်တွေမြို့နယ် ပျားလည်ချောင်းရွာမှ စစ်ဘေးရှောင်နေသည့် မခိုင်မိုးအေး အသက် ၂၆နှစ်တို့မှာ ဗုံးစထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ထို့အပြင် ရွာထဲရှိ စစ်ဘေးရှောင်များအပါအဝင် ပြည်သူ ၁၀ ဦး ဒဏ်ရာရသွားပြီး လူနေအိမ် ၇ ဆောင် ပျက်စီးသွားခဲ့သည်။

ဒဏ်ရာရရှိခဲ့သူများမှာ-

(၁) ဦးကောင်းစံ အသက် ၅၂ နှစ်၊ (၂) ဒေါ်သန္တာခိုင် အသက် ၄၈ နှစ်၊ (၃) ဒေါ်အေးခိုင် အသက် ၅၄ နှစ်၊ (၄) ဦးမြတ်သူအောင် အသက် ၂၅ နှစ်၊ (၅) ဦးမောင်သိန်းတင် အသက် အသက် ၅၃ နှစ်၊ (၆) မောင်မျိုးဆန်းအောင် အသက် ၁၈ နှစ်၊ (၇) ဒေါ်လှသန်းယဥ် အသက် ၅၆ နှစ်၊ (၈) မစုမြတ်ဦး အသက် ၁၄ နှစ်၊ (၉) ဒေါ်အေးနု အသက် ၄၃ နှစ် နှင့် (၁၀) မအေးဖြူ အသက် ၂၂ နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့အထဲမှ လက်မောင်းတွင် ဗုံးစထိမှန် ဒဏ်ရာပြင်းထန်သည့် ဒေါ်အေးနု အသက် ၄၃ နှစ်သည် ဆေးကုသမှု ခံယူနေစဥ် သေဆုံးသွားခဲ့သည်ဟု ရွာသား ၁ ဦးက ပြောသည်။

“ဒဏ်ရာရသွားတဲ့ သူတွေထဲက ဒေါ်အေးနု ဆိုတဲ့ အမျိုးသမီး တစ်ယောက်တော့ ဆေးကုသနေရင်း သေသွားပါတယ်။ ဒဏ်ရာက အရမ်းပြင်းတယ်။ နောက်ထပ် ဒဏ်ရာတဲ့ သူတွေထဲမှာလည်း ဒဏ်ရာပြင်းတဲ့သူတွေ ပါပါတယ်” ဟုဆိုသည်။

ကျေးရွာသားအများစုမှာ အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာထဲတွင် မနေဝံ့၍ ဘေးလွတ်မည်ဟု ထင်ရသည့် နေရာများသို့ ထွက်ပြေးခိုလုံလျက်ရှိကြသည်ဟု ရွာသား တစ်ဦးက ပြောသည်။

တစ်ချိန်တည်းတွင် ပေါက်တောမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို  Y12 ဗုံးကြဲလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သဲခုံရွာတွင် ဗုံး ၄ လုံး၊ တောင်ဦးမောင်တောင်စွန်းတွင် ဗုံး ၆ လုံး ၊ ကြိမ်ခွေမော်ရွာတွင် ဗုံး ၇ လုံး အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။

ထိုကြောင့် ကြိမ်ခွေမော်ရွာမှ မောင်ထွန်းဝင်းချေ အသက် ၂၉ နှစ်၏ ဘယ်ဘက် လက်မောင်းဆုံနှင့် မေ့စေ့နှင့် ဦးကျော်သံသာ အသက် ၅၉ နှစ်၏ ညာဖက် တံတောင်ဆစ်တို့တွင် ဗုံးစထိမှန်ကာ ဒဏ်ရာ ပြင်းထန်ရသွားခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီသည် လူနေ ကျေးရွာ၊ ရပ်ကွက်များ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အဦးများနှင့် စစ်ဘေးရှောင်များ စုဝေးနေထိုင်ရာ နေရာများသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် ရည်ရွယ်ချက်ချက်ရှိရှိ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၊ စစ်စည်းကမ်းများကို ချိုးဖောက်ပြီး စစ်ရာဇဝတ်များကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ