
AB News – နိုဝင်ဘာ ၂၊ ၂၀၂၅
ဒေဝီ
ကမ္ဘာပေါ်တွင် သတင်းထောက်များကို ဖမ်းဆီးအကျဉ်းချမှု အများဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်သည် ယနေ့ကျရောက်သည့် “သတင်းထောက်များအပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်နေမှု အဆုံးသတ်ရေး နိုင်ငံတကာနေ့” (International Day to End Impunity for Crimes against Journalists) အထိမ်းအမှတ်အဖြစ် ဗြိတိန်အစိုးရ၏ မီဒီယာလွတ်လပ်ခွင့် ကတိကဝတ်ကို ထပ်လောင်းပြောကြားရာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာစစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် သတင်းသမား ၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး စုစုပေါင်း ၂၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း ဗြိတိန်သံရုံး၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများမှ သတင်းယူမှုများကြောင့် စုစုပေါင်း သတင်းသမား ၅၁ ဦးကို စစ်ကောင်စီက ထိန်းသိမ်းထားပြီး ထောင်ဒဏ်ချမှတ်ထားသူများထဲတွင် အမျိုးသမီး သတင်းထောက်များလည်း ပါဝင်ကြောင်း သိရသည်။
”သတင်းသမားကို သူတို့အပြစ်မရှိပဲ ဖမ်းခွင့်မရှိဘူး။ သတင်းသမားကို ဖမ်းတယ်ဆိုတာ ပြည်သူတွေရဲ့ မျက်စိတွေ၊ နားတွေကို ပိတ်လိုက်တာဖြစ်ပြီး နိုင်ငံကို အမှောင်ချချင်တဲ့ သဘောမျိုးဖြစ်တယ်။ စစ်ကောင်စီက သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေကို နိုင်ငံတကာကို မသိစေချင်တဲ့ သဘောမျိုးဖြစ်တယ်” ဟု သတင်းထောက်တစ်ဦးက AB News သို့ မှတ်ချက်ပြု ပြောဆိုသည်။
ဗြိတိန်သံရုံးက မြန်မာနိုင်ငံရှိ စာနယ်ဇင်းသတင်းသမားများ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြောင်းနှင့် အထူးသဖြင့် အွန်လိုင်းတွင်သာမက ပြင်ပတွင်ပါ နှောင့်ယှက်ခြင်း၊ စောင့်ကြည့်ခြင်း၊ အလွဲသုံးစားပြုခြင်းများ အပါအဝင် ခြိမ်းခြောက်ခံနေရသည့် အမျိုးသမီးသတင်းထောက်များကို အလေးထား ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။
ဗြိတိန်အစိုးရသည် မီဒီယာလွတ်လပ်ခွင့်အပေါ် ချိုးဖောက်မှုမှန်သမျှကို ရှုတ်ချပြီး မီဒီယာလွတ်လပ်ခွင့်အား အလွဲသုံးစားလုပ်သူများ၊ ကန့်သတ်ချုပ်ချယ်သူများကို အရေးယူဆောင်ရွက်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ဘေးကင်းလုံခြုံစေရန် ဆက်လက် ထောက်ပံ့ပေးသွားမည်ဟုလည်း ဗြိတိန်အစိုးရက ပြောဆိုထားသည်။