သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လေးမျက်နှာမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်တပ်၏ ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော် နှင့်ပူးပေါင်းတပ် သိမ်းပိုက်

AB News – ဒီဇင်ဘာ ၁၊ ၂၀၂၅
မာလာဝင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်တပ်၏ ကာကင်းစခန်း ၂ ခုထက်မနည်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

နိုဝင်ဘာလ တစ်လလုံးနီးပါး စစ်တပ်ဘက်မှ အင်အားသုံး စစ်ကြောင်းတိုးလာနေသည့်အတွက် ပုသိမ်-မုံရွာ လမ်းပိုင်းတစ်လျှောက် စောပြာ၊ သဲနုကုန်း၊ ချင်းကုန်း၊ ရှမ်းကွင်း စသည့် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ နေ့စဉ်ရက်ဆက်ရှိနေခဲ့ပြီး စစ်ကော်မရှင်ဘက်မှ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“AAနဲ့ ပူးပေါင်းတပ်တွေ ပုသိမ်-မုံရွာလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားနေတာကို တွေ့ရတယ်။ သဲနုကုန်းကျေးရွာက ရဲစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းထားတာတော့ကြာပြီ။ အခုရက်ပိုင်းမှာ အဲဒီကျေးရွာအနီးက ကာကင်းစခန်း ၂ ခုထက်မနည်းကို ထပ်သိမ်းပိုက်လိုက်တာ။ အဲဒီဘက်တွေမှာ ဗုံးချသံတွေ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေ တောက်လျှောက်ကြားနေရတယ်” ဟု လေးမျက်နှာမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူ စသည့်မြို့နယ်ရှိ ပုသိမ်-မုံရွာလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်တို့ကြား စစ်ရေးလှုပ်ရှားမှုများ မြင့်တက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းတွင် ခရီးသွားလာခွင့် စစ်ကော်မရှင်ဘက်က ကန့်သတ်ပိတ်ပင်ထားပြီး ရေကြောင်း တစ်ခုကိုသာ ဒေသခံများကို သွားလာခွင့် ပေးထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ