သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လယ်ယာမြေများတွင် မပေါက်ကွဲဘဲ ကျန်နေသည့် စစ်ကြွင်းစစ်ကျန်လက်နက်များကြောင့် လယ်မထွန်ဘဲထားရ

AB News – ဇူလိုင် ၁၁၊ ၂၀၂၄

ရက္ခိုင်မြောက်ပိုင်းမှ တိုက်ပွဲများဖြစ်ပွားခဲ့သည့် လယ်ယာမြေများတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်ကြွင်းစစ်ကျန်လက်နက်များကြောင့် လယ်ယာများကို ထွန်ယက်မှုများ မပြုလုပ်ဘဲ ပစ်ထားရသည်ကို တွေ့ရှိရသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသဝန်းကျင်ရှိ လယ်ကွင်းများတွင် သေကြေပျက်စီးနိုင်သည့် စစ်လက်နက်ပစ္စည်းများ ကျန်ရှိနေသောကြောင့် လယ်ယာများကို မထွန်ယက်နိုင်ဘဲ ပစ်ထားရကြောင်း မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သည့် ကိုညွန့်ဝင်းက AB News သို့ ပြောသည်။

“စစ်လက်နက်ပစ္စည်းတွေက နေရာအနှံ့ ပြန်ကြဲနေပါတယ်။ ကျနော်တို့ လယ်ကွင်းမှာ ဆိုရင် ပေါင် ၃၀၀ဗုံးတွေ မပေါက်ကွဲသေးဘဲ ကျန်ရှိနေပါသေးတယ်။ ကျနော်တို့က မထိရဲပါဘူး။ ဒါကြောင့် တချို့လယ်ကွင်းတွေကို ပစ်ထားရထားပါတယ်” ဟု ဆိုသည်။

မင်းပြားမြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ခဲ့သည့် ဘားဘူတောင်ကျေးရွာနှင့် အိမ်ရှေ့မင်းကျေးရွာ အနီးပတ်ဝန်းကျင်ရှိ လယ်ကွင်းများတွင် မပေါက်ကွဲသေးသည့် ပေါင် ၅၀၀ဗုံး အပါအဝင် ပေါင် ၃၀၀ ဗုံး ၉လုံးထက် မနည်း ကျန်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

လယ်ယာများကို ထွန်ယက်စဥ် ပေါက်ကွဲပြီး လက်နက်ကြီး အပိုင်းအစများနှင့် မပေါက်ကွဲသည့် လက်နက်ကြီးကျည်များ တွေ့ရှိကြောင်း မင်းပြားမြို့နယ်၊ ငတန်ပြင်ကျေးရွာမှ ဒေါ်ရွှေတင်အေးက ပြောသည်။

“ကျမတို့မှာ လယ်တွေကို ထွန်စက်သုံးပြီး ထွန်ယက်နေတာပါ။ စက်မောင်းသူအတွက် သိပ်ကို အန္တရာယ်များပါတယ်။ ပေါက်ကွဲပြီး လက်နက်ကြီးအစတွေ တွေ့ရသလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေလည်း တွေ့ ရပါတယ်။ အဲ့လို တွေ့တဲ့ လယ်ကွင်းတွေကို ချန်ထားခဲ့ရပါတယ်” ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာများတွင် စစ်ကျန်လက်နက်များအပြင် မိုင်းများ ရှိနိုင်သည့်အတွက် လယ်ယာလုပ်ငန်းများကို ရပ်ဆိုင်းထားသေးကြောင်း မြောက်ဦးမြို့နယ်မှ ကိုလှဝင်း က AB News သို့ ပြောသည်။

“လယ်ကွင်းတွေမှာ စစ်လက်နက်တွေ၊ မြေမြှုပ်မိုင်းတွေ ရှိနိုင်ပါသေးတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့အတွက် လယ်ယာထွန်ယက်စိုက်ပျိုးမှုတွေ ရပ်နားထားပါသေးတယ်” ဟု ဆိုသည်။

လယ်ကွင်းများတွင် ကျန်ရှိနေသည့် စစ်ကျန်လက်နက်များကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် စစ်လက်နက်ပစ္စည်းများကို သိနားလည်သည့် ကျွမ်းကျင်ပညာရှင်များက ဖော်ယူပြီး သိမ်းဆည်းသင့်ကြောင်း ကျောက်တော်မြို့ခံ တစ်ဦးက ပြောသည်။

“လယ်ကွင်းတွေမှာ ကျန်နေတဲ့ စစ်လက်နက်တွေကို အာဏာပိုင်အဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များ ဖော်ယူသိမ်းဆည်းသင့်ပါတယ်။ ပြည်သူတွေ ဖော်ယူရင် သိပ်ကို အသက်အန္တရာယ်များနိုင်ပါတယ်” ဟု ဆိုသည်။

စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိက အားထားပြီး လုပ်ကိုင်နေကြသည့် ရက္ခိုင်မှ လယ်သမားများ အနေဖြင့် စစ်ကြွင်းစစ်ကျန်လက်နက်များကို မရှင်းလင်းသေးသည့် လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးပါက အသက်အန္တရာယ် ထိခိုက်နိုင်ဖွယ် ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ