သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အမျိုးသမီးလစဥ်သုံးပစ္စည်းများ အရေးတကြီးလိုအပ်နေ

ရက္ခိုင် စစ်ဘေးရှောင်စခန်းများတွင် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အမျိုးသမီးလစဥ်သုံးပစ္စည်းများ အရေးတကြီးလိုအပ်နေကြောင်း AB News သတင်းထောက်များက ကွင်းဆင်းလေ့လာတွေ့ရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ် ဘူတာစစ်ဘေးရှောင်စခန်း၊ ဂဏန်းတောင်စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းနှင့် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းများတွင် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း၊ အမျိုးသမီးလစဥ်သုံးပစ္စည်းများ အရေးတကြီး လိုအပ်လျက်ရှိနေသည်ကိုတွေ့ရသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးစတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး စစ်ကောင်စီက အများပြည်သူအသုံးပြုသွားလာနေသည့် လမ်းများကိုပိတ်ပင်ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှုများပြတ်တောက်သွားခဲ့ရာ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များမှာ အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်နေကြရသည်။

မိုးတွင်းကာလ ဖြစ်သည့်အတွက် စစ်ဘေးရှောင်စခန်းမှ မိသားစုများသည့်သူများမှာ အမိုးအကာများမလုံလောက်သည့်အတွက် အရေးပေါ်လိုအပ်နေကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ဘူတာစစ်ဘေးရှောင်စခန်းမှ ဒေါ်လှသိန်းအေးက AB News သို့ပြောသည်။

“ကျမတို့ကမိသားစုများ​တော့။ တာလပတ်၊ အမိုးအကာတွေလိုအပ်နေပါတယ်။ အိမ်ကတစ်ဆောင်ပဲရှိတယ်။ အခန်းက သေးသေးလေး ၂ ခန်းပါတယ်။ ကျမတို့ မိသားစုတွေ ဖူဖူလုံလုံနေနိုင်အောင် အမိုးအကာ လိုချင်ပါတယ်” ဟုဆိုသည်။

အဆိုပါစခန်းတွင် အိမ်ထောင်စုအရေအတွက် ၈၁ စုရှိပြီး၊ လူဦးရေ ၅၀၀ ကျော်ခန့်ရှိကာ စားနပ်ရိက္ခာများပြတ်တောက်နေသည့်အတွက် စစ်ဘေးရှောင်များအခက်ကြုံနေရကြောင်း ၎င်း၏ပြောပြချက်အရ သိရသည်။

စစ်ကောင်စီက လမ်းခရီးများပိတ်ဆို့ဖြတ်တောက်ထားသည့်အတွက် ရက္ခိုင်ရှိစစ်ဘေးရှောင်စခန်းများမှာ ဆေးဝါးပြတ်လပ်မှုကြုံတွေ့နေရပြီး နာတာရှည်ရောဂါဝေဒနါ ခံစားနေရသူများမှာ ဆေးဝါးလိုအပ်နေခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးရန်နှင့် အမျိုးသမီးများမှာ လစဥ်သုံးပစ္စည်းများ လိုအပ်လျက်ရှိနေကြောင်း စစ်တွေဆေးရုံကြီးတွင်( Nurse Aid)အဖြစ် သူနာပြုအကူလုပ်ကိုင်ဖူးသူ မအိအိခိုင်က AB News သို့ပြောသည်။

“အခုငှက်ဖျားရောဂါတွေဖြစ်တာတွေရှိပါတယ်။ တီဗီရောဂါဖြစ်တဲ့သူတွေ၊ လေငန်းရောဂါဝေဒနါသည်တွေရှိတယ်။ နာတာရှည်သမားတွေလည်း ဆေးဝါးပြတ်တောက်နေတယ်။ ကိုယ်ဝန်​ဆောင်မိခင်တွေအတွက်ကာကွယ်ဆေးထိုးဖို့လိုအပ်တယ်။ သက်ကြီးရွယ်အိုကိုတော့ နှလုံးအားတိုးဆေးတွေ လာထိုးပေးစေချင်တယ်။ လမ်းခရီးကပိတ်နေတာ့ ဆေးဝါး ဝယ်လို့လည်းအဆင်မပြေဘူး။ အလှူရှင်တွေလာပေးမှသာအဆင်ပြေနိုင်ပါတယ်” ဟုဆိုသည်။

အမျိုးသမီး လစဥ်သုံးပစ္စည်းများပြတ်လပ်ကာ ဈေးအဆမတန်မြင့်တက်နေသောကြောင့် အမျိုးသမီးအများစုမှာ မိရိုးဖလာအတိုင်း ထဘီအစုပ်များဖြင့် အဆင်ပြေသလို အသုံးပြုနေရသည်ဟု စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးက AB News သတင်းထောက်များကို ပြောသည်။

ယခင်က အမျိုးသမီးလစဥ်သုံးပစ္စည်းတစ်ထုတ်ကို ၁၀၀၀၊ ၁၅၀၀ ရှိသော်လည်း လက်ရှိတွင် ၈၀၀၀၊ ၉၀၀၀ ခန့်ဖြင့်ဝယ်ယူနေရကြောင်း Nurse Aid အကူလုပ်ဖူးသူ မအိအိခိုင်ထံမှသိရသည်။

အလားတူ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာများအပါအဝင် အမိုးအကာပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း AB News သတင်းထောက်များက တွေ့ရှိခဲ့ရသည်။

ဖော်မြူလာ နို့မုန့်ထုတ်များမှာလည်း ဈေးအဆမတန် မြင့်တက်နေသောကြောင့် ကလေးငယ်များကို နို့စည်ဗူးများဖြင့် တိုက်ကျွေးနေကြရသည်ကိုလည်း တွေ့ရသည်။

ဖော်မြူလာ နို့မှုန့်ထုတ်၊ နို့မှုန့်ဗူးဝယ်ယူရန် အခက်အခဲများဖြင့်ရင်ဆိုင်နေရကြောင်း ကလေးအမွှာမိခင် ဒေါ်ခင်လေးနွယ်က ပြောသည်။

“ကျမက ကလေးအမွှာပူး ၂ ယောက်မွေးဖွားထားတာပါ။ ကျမက နို့လည်းမထွက်ဘူး။ ကလေးတွေကို နို့ဗူးတိုက်ပြီးပြုစုနေရတာ။ ယခင်ကနို့ ဗူး ၁ ဗူးကို ၂၉၀၀၀ ကျပ်နဲ့ဝယ်ရတယ်။အခုက ၁ ဗူးကို ၈၀၀၀၀ ကျပ်နဲ့ဝယ်နေရတာ။ ၂ ယောက်ဆိုတော့ ၁ သိန်းကျော်ကုန်ကျတယ်။ ကျမလည်း မဝယ်နိုင်တဲ့လတွေရှိတယ်။ အခက်အခဲဖြစ်နေရတယ်” ဟုဆိုသည်။

ရက္ခိုင်တွင် စစ်ဘေးရှောင် ၅၇၀၀၀၀ ကျော်ရှိနေကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ