သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်၏ အနာဂတ်နှင့်ပတ်သက်၍ အာရက္ခတပ်တော် စစ်ဦးစီးချုပ်နှင့်အင်တာဗျူး

Arakan Bay News

ဘာသာပြန်-ကြည်စံခင်

မူအားဖြင့်တော့ ကျနော်တို့က ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ရေးကို အမြဲတမ်း ထောက်ခံပါတယ်။ ပြီးတော့ သင့်လျော်​တဲ့ အခြေအနေ အောက်မှာ သူတိုရဲ့ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံတဲ့ နေရပ်ပြန်ရေးတော့ ရှိသင့်တာပေါ့။ ”

အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

အာရက္ခတပ်တော် (AA)သည် မြန်မာနိုင်ငံတွင် စစ်ကောင်စီကို စစ်ရေးဖြင့်တိုက်ခိုက်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် (EAOs) အုပ်စု တွေထဲတွင် အအောင်မြင်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုအဖြစ် ထင်ပေါ်လာနေပါပြီ။ နိုင်ငံအတွင်း အခြားတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့်အတူ မဟာမိတ်ဖွဲ့ထားသည့် အာရက္ခတပ်တော်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်များကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အောင်မြင်မှု ကြီးကြီးမားမားရယူထားသည်။ လက်ရှိအချိန်တွင် ချင်းပြည်တောင်ပိုင်းက ပလက်ဝအပါအဝင်၊ ရက္ခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့၁၈ မြို့အနက် ၁၁ မြို့ကျော် ထိမ်းချုပ်ထားပြီးလည်းဖြစ်သည်။ လက်ရှိအချိန်မှာလည်း မောင်တောမြို့နှင့် အခြားနယ်တွေမှာ  တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး အဓိကအားဖြင့် မူဆလင်များအပေါ် ရက်စက်သည့် လုပ်ရပ်များကို ကျူးလွန်နေသည်ဟု စွပ်စွ်ခြင်းကို ရင်ဆိုင်နေရသည်။

မေး- ရက္ခိုင်ပြည်နယ် အလုံးစုံလွတ်မြောက်ဖို့ ဘယ်လောက်အချိန် ကြာနိုင်ပါသလဲ။

ဖြေ- အချိန်ဆိုတာထက် အခြေအနေအပေါ် မူတည်ပြီးပြောရရင် ပိုပြီးသင့်တော်မှာပါ။ ကျနော်တို့က ရက္ခိုင်ပြည်လွတ်မြောက်မှုကို ဖြစ်စဥ်အနေနဲ့ရော၊ သံတမန်အနေနဲ့ပါ ထဲထဲဝင်ဝင် ကြည့်ဖို့လိုပါတယ်။ ကျနော်တို့ပြည်သူတွေရဲ့ နလုံးသားမှာ ရခိုင်ဆိုတာ လွတ်လပ်ပြီး အချုပ်အချာ အာဏာပိုင်ခဲ့တာ ဆိုပြီး အမြဲတမ်းရှိနေပါတယ်။လူမျိုးတစ်မျိုးအနေနဲ့ ရက္ခိုင်တို့ရဲ့ ဆုံးရှုံးခဲ့ရတဲ့ အချုပ်အချာ အာဏာ နှင့် အဆင့်အတန်းတွေကို ပြန်လည်ရယူရေးဟာ သမိုင်းပေးတာဝန်အရရော၊လက်တွေ့အရပါ ဂုဏ်သိက္ခာရှိတဲ့ ကြိုးစားအားမှုပါပဲ။ လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ရက္ခိုင်စစ်မျက်နာမှာ ၁၈ မြို့ရှိတဲ့အနက်မှ ၁၁ မြို့ကတော့  လွတ်မြောက်နေပါပြီ။ ဆက်လက်ပြီးမှလည်း လာမည့် လပိုင်းအတွင်းမှာ ပိုပြီး မဟာဗျူဟာကျတဲ့ နေရာတွေကို ဆက်လက်ပြီးသိမ်းပိုက်သွားမှာပါ။ 

မေး- အာရက္ခတပ်တော်ရဲ့ ထင်ပေါ်ကျော်ကြားမှုဟာ တပ်တော်ကို ဖွဲ့စည်းတည်ထောင်ပြီး ဆယ်စုနှစ် တစ်ဝက်ကျော်လောက်မှာ တဟုန်ထိုးနီးပါး ထိုးတက်လာပါတယ်။ အရင်ကအခြား အဖွဲ့တွေ ကျရှုံးခဲ့ရချိန်မှာ ခုလို အလျှင်အမြန်နဲ့ ကြီးထွားလာအောင် ဘယ်အကြောင်းအရင်းတွေက အထောက်အကူ ဖြစ်ခဲ့ရပါသလဲ။

ဖြေ- မြောက်ဦး ကျပြီး ရက္ခိုင်တို့ရဲ့ အချုပ်အချာအာဏာ ကျရှုံးခဲ့ရတဲ့ ၁၇၈၄ ခုနှစ်ကတည်းကပင် ယခင်ရက္ခိုင်မျိုးဆက်တော်လှန်ရေးတပ်တွေဟာ ရခိုင်ပြည်လွတ်မြောက်ရေးဆိုတဲ့ ရည်မှန်းချက်တစ်ခုတည်းကိုသာ သူတို့ရဲ့ ဘဝတွေကို  မြှုပ်နှံခဲ့ကြပါတယ်။ သူတို့တွေ ကျရှုံးခဲ့ရတဲ့အကြောင်းအရင်းတွေက အမျိုးသားရေး သင်ခန်းစာတွေကို အမှားထဲက သင်ခန်းစာ ရစေဖို့  လမ်းပြလျှက်ရှိနေပါတယ်။ အချိန်အခါနှင့် အခြေအနေတွေက ပြောင်းလဲသွားပေမယ့်လည်း ကျနော်တို့ရဲ့ ရည်မှန်းချက်တွေကတော့ အရမ်းကြီးပြောင်းလဲသွားတာမရှိပါဘူး။ 

တကယ့်တကယ် ကျနော်တို့ ရုန်းကန်ကြိုးစားလာရာတလျှောက်မှာတော့  ပထဝီနိုင်ငံရေး၊ ဒေသတွင်းနိုင်ငံရေး နှင့် အမျိုးသားနိုင်ငံရေး အပြောင်းအလဲတွေပေါ် မူတည်ပြီးတော့မှ စိန်ခေါ်မှု မျိုးစုံကို ကျော်လွှားခဲ့ရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း စစ်မှန်တဲ့ အောင်မြင်မှုကတော့ ကျနော်တို့ရဲ့ ဦးဆောင်မှု တည်ဆောက်ရေးစွမ်းရည်တွေ၊ စုစည်းနိုင်စွမ်းတွေ၊ စည်းလုံးညီညွတ်မှုတွေ၊ အားကိုးရတဲ့ မဟာမိတ်အဖွဲ့တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ လက်တွဲဖော်တွေ ဆီက ဆင်းသက်လာရတာပါ။ ကျနော်တို့က အပြင်မှာထက် ကျနော်တို့အတွင်းမှာပဲ ဖြေရှင်းနည်းတွေကို အမြဲဦးစားပေး ရှာဖွေပါတယ်။

မေး- အာရက္ခတပ်တော်(AA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( ULA) အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ယူဆထားပါသလား။ အာရက္ခတပ်တော်အနေနဲ့ကလည်း မြန်မာနိုင်ငံရဲ့အခြားဒေသ စစ်ပွဲတွေမှာပါ ပါဝင်ပတ်သက်နေတယ်ဆိုတော့။ 

ဖြေ- ကျနော်တို့မှာ ကိုယ်ပိုင်ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ရှိနှင့်ထားပြီးသားပါ။ တကယ်တော့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူတွေက သူတို့ရဲ့ အခွင်အရေးတွေနှင့် ဂုဏ်သိက္ခာအတွက် ရဲရဲဝံ့ဝံ့နဲ့ တိုက်ပွဲ ဝင်နေကြတာကို မြင်ရတော့ ကျနော်တို့ပျော်ရွှင်မိပါတယ်။ စစ်အုပ်ချုပ်ရေးကနေ လွတ်မြောက်ဖို့အတွက် ကျနော်တို့ရဲ့ ရုန်းကန်အားထုတ် မှုတွေဟာ ကျနော်တို့အကြားမှာ အပြန်အလှန်အကျိုးပြုမယ်လို့လည်း ယုံကြည်တယ်။ ဆိုတော့ ကျနော်တို့–ရက္ခိုင်ပြည်သူတွေဟာ ရခိုင်ပြည် လွတ်မြောက်ရေးနှင့် တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေကြချိန်မှာ မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်တွေလည်းပဲ မြန်နိုင်သမျှ မြန်မြန် အောင်မြင်ဖို့ မျော်လင့်ပါတယ်။ 

မေး- ဗိုလ်ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေးရဲ့ ရလဒ် ထွက်မယ်လို့ ထင်ပါသလား။ 

ဖြေ- မြန်မာနိုင်ငံက တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ ခိုင်မာတဲ့ သန္နိဌာန်နှင့် ဇွဲသတ္တိ ရှိနေတာဟာ ရလဒ်တွေကို ဆောင်ကြဥ်းပေးနေတယ်လို့ မြင်ပါတယ်။ စစ်တပ်က အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုတွေက တနေ့တခြား အားကောင်းလာနေချိန်မှာ စစ်ကောင်စီတပ်မှာ အားနည်းချက်တွေ၊ ဆုံးရှုံးမှုတွေ တိုးလာနေတာကိုပါ တွေ့နေရတယ်။ ဒါပေမဲ့လည်း မကြာခင်အတွင်း စစ်ကောင်စီပြိုကျသွားမယ်လို့တော့ တပ်အပ် ပြောလို့မရပါဘူး။ ရလဒ်ကတော့ ကျနော်တို့ရဲ့ စည်းလုံးမှု၊ လုပ်ရည်ကိုင်ရည် အရည်အချင်းနှင့် အတူတကွပူးပေါင်းဆောင်ရွက်မှုတွေအပေါ်မှာ အလုံးစုံ မူတည်နေပါတယ်။ 

မေး- မူဆလင် (မူရင်း-ရိုဟင်ဂျာ) လူထုအပေါ်မှာ ရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဘယ်လိုမျိုးမြင်လဲ။

ဖြေ- ကုန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရက္ခိုင်မှာ ကိုယ်ပိုင် စီမံခန့်ခွဲမှုတွေကို တည်ဆောက်ကတည်းကပင် ကျနော်တို့ ULA အစိုးရအနေနဲ့ ဒေသတွင်း မတူညီတဲ့ အသိုင်းအဝိုင်းတွေကြားမှာ အချင်းချင်း ပေါင်းစည်းညီညွတ်မှုတွေ၊ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးတွေ၊ တန်းတူညီမျှ ဆက်ဆံရေးတွေကို အမြဲတမ်း တိုးမြင့်လုပ်ဆောင်ခဲ့ကြပါတယ်။ ULA ဆိုတာ ရခိုင်ပြည်နယ်မှာတော့ မတူညီတဲ့ လူမျိုးစုနှင့် ဘာသာရေးအားလုံးကို ကိုယ်စားပြုပါတယ်။ အကဲခတ်သူတွေအနေနဲ့ကလည်း ကျနော်တို့ရဲ့အုပ်ချုပ်မှုအဆင့်အသီးသီးတွေမှာ နောက်ခံအမျိုးမျိုးမှ ဝန်ထမ်းတွေနှင့် အရာရှိတွေ ရှိနေတာကို တွေ့ကြရမှာပါ။ ပိုပြီးအရေးကြီးတာက ကျနော်တို့ရဲ့ အစိုးရအဖွဲ့အစည်းတွေမှာ လူနည်းစု အုပ်စုတွေ ပိုပြီး ပူးပေါင်းပါဝင်မှု မြှင့်တင်သွားရေးဟာ ကျနော်တို့ရဲ့ မစ်ရှင်လည်းဖြစ်သလို၊ အသိုင်းအဝိုင်းအားလုံးက တရားသူကြီးတွေ၊ ရဲအရာရှိတွေ နှင့် ပါတီကေဒါများ ပါ၀င်မှာ ဖြစ်ပါတယ်။

ရက္ခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ မူဆလင်တွေနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်ကျနော်တို့အကြားမှာ ပိုပြီးတော့မှ ယုံကြည်မှုတွေပျက်ပြားအောင် အခြေအမြစ်မရှိ၊ လွဲမှားတဲ့ စွပ်စွဲမှုတွေ၊ ကြိုးပမ်းမှုတွေလိုမျိုး စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ကျနော်တို့ လက်ခံထားပါတယ်။ ကျနော်တို့ AA တပ်တော်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ တိုက်ပွဲဝင်နေကြပြီးတော့ စနစ်ကျပြီး စည်းကမ်းလိုက်နာတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်ရက်စက်ကြမ်းကြုတ်မှုတွေမှ ကျူးလွန်တယ်လို့ စွပ်စွဲတာမျိုး၊ အပြစ်ကျူးလွန်တာမျိုး မတွေ့ရပါဘူး။ 

ရက္ခိုင်မှာ လက်နက်ကိုင်တိုက်ခိုက်ချိန်ကစပြီး ကျနော်တို့ဟာ ဘယ်တုန်းကမှ ဘာသာရေး၊ လူမျိုးရေးကို ပစ်မှတ်ထားတိုက်ခိုက်မျိုးလည်း မရှိခဲ့ပါဘူး။ ကျနော်တို့ဟာ မူဆလင်တွေနှင့် နေရာတော်တော်များများမှာ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။ စိုးရိမ်ပူပင်နေကြတဲ့ မူဆလင်အသိုင်းအဝိုင်းတွေနှင့် ကျနော်တို့ရဲ့ ဆက်ဆံရေး ချောမွေ့နေတယ်ဆိုတာကိုလည်း စောင်ကြည့်နေကြသူတွေ မြင်တွေ့နိုင်ပါတယ်။ 

ပြည်ပရောက် မူဆလင်တွေရဲ့စွပ်စွဲချက်တွေမှအပ ရက္ခိုင်က မူဆလင်အဖွဲ့ဝင်တွေနှင့် တခြားသော လူမှုအဖွဲ့အစည်းတွေအပေါ်မှာ ကျနော်တို့ အဖွဲ့ဝင်တွေ ရပ်စက်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်စရာအကြောင်း မရှိဘူးလို့ အခိုင်အမာပြောနိုင်ပါတယ်။  

မေး- ကော့ဇ်ဘဇား ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အာရက္ခတပ်တော်ကို  ဘင်္ဂလားဒေ့ရှ်က ဖိအားပေးနေတာရှိနေပါတယ်။ ဆိုတော့  အဲဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ထားပါသလဲ။

ဖြေ- မူအားဖြင်တော့ ကျနော်တို့က ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ရေးကို အမြဲတမ်း ထောက်ခံပါတယ်။ ပြီးတော့ သင့်လျော်​တဲ့ အခြေအနေ အောက်မှာ သူတိုရဲ့ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံတဲ့ နေရပ်ပြန်ရေးတော့ ရှိသင့်တာပေါ့။ 

အခြားတဖက်မှာလည်း နယ်စပ်ကို ​ဖြတ်ပြီး ရာဇတ်မှုတွေ ကျူးလွန်တာ၊ အကြမ်းဖက်တာတွေ နှင့် ဒုက္ခသည်စခန်းက တစ်ချို့အဖွဲ့တွေက  နယ်စပ်ကိုဖြတ်ပြီး လူကုန်ကူးမှုရှိနေတာတွေလည်း ကျနော်တို့ တွေ့ကြုံနေရပါတယ်။ ဒါကြောင့် နယ်စပ်လုံခြုံရေး၊ တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးတွေကို အဓိက ဦးစားပေးဖြစ်သင့်ပါတယ်။ 

စောင့်ကြည့်လေ့လာသူတွေအနေနဲ့ ARSA ၊ RSO  နှင့် ARA တို့လို မတူ ကွဲပြားတဲ့ မူဆလင်စစ်သွေးကြွအုပ်စုတွေက ၎င်းတို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေအတွင်းမှာ ရာဇ၀တ်မှုတွေနှင့် အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်လိုဘယ်ပုံ ကျူးလွန်နေကြလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် မောင်တော၊ ဘူးသီးတောင် စတဲ့ နယ်စပ်မြို့နယ်တွေမှာ နေထိုင်သူတွေရဲ့  ဘေးကင်း လုံးခြုံးရေးကိုလည်း ခြိမ်းခြောက်လျှက်ရှိနေပါတယ်။

ပိုပြီးအရေးကြီးတာက ဒီကိစ္စဟာ ရခိုင်ပြည်သူတွေရဲ့ လုံခြုံရေးအတွက် မေးခွန်စရာတစ်ခု ဖြစ်နေသလို၊ အထူးသဖြင့် ၂၀၁၇ ခုနှစ်က သူတို့မူဆလင်တွေအပေါ် ရက်စက်မှုတွေ ဆက်တိုက် ကျူးလွန်ခဲ့ကြပါတယ်ဆိုတဲ့ အဲဒီအုပ်စုတွေက စစ်အစိုးရတပ်တွေနဲ့အတူ အလုံးအရင်းနဲ့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။ ဒါဟာ အထူးသဖြင့် ၂၀၂၁ ခုနှစ် အစောပိုင်း စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမျိုးရေး၊ ဘာသာရေး အားလုံးတွေမှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေကြတဲ့  စစ်အစိုးရ စစ်တပ်နှင့် တန်းတူလုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။

ဒါကြောင့် သူတို့တွေ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ အထူး အရေးကြီးတဲ့ အခြေအနေဖြစ်တဲ့ နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ပြန်လည်တည်ဆောက်ရာမှာ ULA/AA နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ဒေသတွင်းနှင့် နိုင်ငံတကာက သက်ဆိုင်သူအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ တာဝန်တစ်ရပ်လည်းပဲ ဖြစ်ပါတယ်။ 

မေး- ရက္ခိုင်ပြည်နယ် နေထိုင်နေကြတဲ့ “ဘင်္ဂါလီမူဆလင်တွေ ” လို့ ခေါ်ဝေါ်နေကြတဲ့ ရိုဟင်ဂျာတွေအပေါ် (NUG) အစိုးရ နှင့်  AA/ ULA  တို့ အကြား  တချို့အမြင် မတူတာတွေလည်း ရှိနေပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်တို့ရဲ့ အမြင်က ဘယ်လိုရှိနေပါလဲ။

ဖြေ- ကျနော်တို့ကတော့ NUG ကို မြန်မာ့နိုင်ငံရေးကို ပိုမိုကောင်းမွန်တဲ့ ဖက်ကို သွားတဲ့နေရာမှာ  အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ရှုမြင်ထားပါတယ်။ ဒါပေမဲ့လည်း ရက္ခိုင်ပြည်တွင်း နိုင်ငံရေးနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲတာတွေလည်း ရှိနေပါတယ်။ သူတို့ရဲ့ ကွဲလွဲတဲ့ မူဝါဒတွေရဲ့ နောက်ကွယ်မှာ မတူညီတဲ့အကြောင်းအရင်းတွေ၊ အကျိုးစီးပွားတွေတော့ ရှိနိုင်ပါတယ်။ 

ကျနော်တို့ ULA/AA ဟာ  ရက္ခိုင်ပြည်သူလူထုထံမှ အပြည့်အဝထောက်ခံမှုရှိပြီး နယ်မြေထိန်းချုပ်မှုတွေကို ထိန်းသိမ်းထားနိုင်တာကြောင့် ဒါဟာ  ဒီပြဿနာနဲ့ပတ်သက်လို့ ဖြေရှင်းတဲ့ ဖြစ်စဥ်တွေမှာ အခွင့်လမ်းတွေ ပိုပြီးရရှိစေမယ့် ကျနော်တို့ရဲ့ မူဝါဒလည်းဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတာက ကျနော်တို့ရဲ့ ပြည်သူတွေ အနေနဲ့လည်း အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး ကြုံလာရမည့် ဘယ်လို သိသာထင်ရှားတဲ့  အပြောင်းအလဲမျိုးမဆို  ထိခိုက်ခံစားရကြရမှာလည်း ဖြစ်ပါတယ်။  ဒါကြောင့် မတူညီတဲ့ အမြင်သဘောထားတွေ၊ အကျိုးစီးပွားတွေကြောင့် မတူညီတဲ့ မူဝါဒတွေကိုလည်း လက်ခံကျင့်သုံးနေရတာတွေလည်း ရှိပါတယ်။ 

မေး- ULA အနေနဲ့ ရှေ့မှာ စီမံအုပ်ချုပ်မှုတစ်ခုကို  မြန်နိုင်သမျှ မြန်အောင် တည်ဆောက်ရမည့် ခက်ခဲ့ကျပ်တည်းတဲ့ တာဝန်တရပ်လည်း ရှိနေပါတယ်။ ဆိုတော့ ULA အဖွဲမှာ အဲဒါကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ သတ်မှတ်ကာလ တစ်ခုရှိပါသလား။ 

ဖြေ- ကျနော်တို့ဟာ ရက္ခိုင့် စစ်မျက်နာမှာ ၁၈ မြို့နယ်ရှိတဲ့အနက် ၁၁ မြို့ကို လွတ်မြောက်အောင် လုပ်ထားပြီးပါပြီ။ ကျန်ရှိနေသေးတဲ့ မြို့တွေကိုလည်း  လွတ်မြောက်အောင် ဆောင်ရွက်နေတုန်းပါ။ ပြီးတော့  ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်တစ်ခုကို ချမှတ် အကောင်အထည်ဖော်ဖို့ကိုလည်း စတင်နေပါတယ်။ တကယ်တော့ ခင်ဗျားပြောခဲ့သလို လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် တရားမျှတမှုတို့လို မရှိမဖြစ် အရေးကြီးတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဖော်ဆောင်တဲ့နေရာမှာ သင့်တော်တဲ့ အုပ်ချုပ်ရေးပုံစံတစ်ခုကို တည်ဆောက်နိုင်ဖို့ဆိုတာ ကျနော်တို့အတွက် တကယ် ခက်ခဲတဲ့တာဝန်တစ်ရပ်လည်းပဲ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးတစ်ခုကို တည်ဆောက်ဖို့ဆိုတာ စစ်ရေးကိစ္စလို အရေးကြီးတယ် ကျနော်တို့ ယူဆပါတယ်။ ကျနော်တို့အနေနဲ့ စစ်ဘက်နယ်ပယ်မှာ အောင်မြင်မှုရခဲ့သလို၊ မဝေးတော့တဲ့အနာဂတ်မှာလည် “အုပ်ချုပ်ရေး အောင်ပွဲ” ဖြစ်ဖို့ လိုပါတယ်။

မေး- ဘယ်လို အုပ်ချုပ်ရေးပုံစံကို ဗိုလ်ချုပ်တို့အနေနဲ့ ဖော်ဆောင်ဖို့ ရှိနေပါသလဲ။ ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့ အုပ်ချုပ်ရေးမျိုးလား  ဒါမှမဟုတ် ဗဟိုချုပ်ကိုင်မှုမျိုးလား။ 

ဖြေ- ULA က ဦးဆောင်ပါတီ တစ်ခုအနေနဲ့ တစ်ပြည်ထောင်စနစ် ရှိလာမှာပါ။ တပ်တော်ကတော့ ပါတီရဲ့ ထိမ်းချုပ်မှုအောက်မှာ ရှိနေပါမယ်။ ကနေဦးမှာတော့ ဗဟိုချုပ်ကိုင်မှုရှိတဲ့ တစ်ပြည်ထောင်စနစ် အစိုးရတစ်ရပ်ကို ထူထောင်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ စွမ်းဆောင်ရည်နှင့် စွမ်းပကားတွေအပေါ်မှာ မူတည်ပြီး အာဏာကိုမတူညီတဲ့ အုပ်ချုပ်မှုအလွှာအသီးသီတွေကို လွှဲအပ်မှာလည်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ရက္ခိုင်ပြည်သူအားလုံးကို အနာဂါတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကနေ ရရှိလာမယ့် အသီးအပွင့်တွေကို ခံစားစေချင်တာဖြစ်လို့ ကျနော်တို့ရဲ့ စီးပွားရေးမူဝါဒဟာလည်း ယေဘူယျအားဖြင့် လူမှုဖူလုံရေးကို ဦးတည်မှာ ဖြစ်ပါတယ်။

မေး- ရခိုင်ပြည်နယ်မှာ စားသောက်ကုန် ဆန်စပါး နှင့် ဟင်းသီးဟင်းရွက်တွေက လွဲလို့ ကုန်စည်အားလုံးနီးပါးပြတ်တောက်တဲ့ အကြပ်အတည်းနဲ့ ကြုံနေရပါတယ်။  ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ထားလဲ။

ဖြေ- ကျနော်တို့ပြည်သူ တွေဟာ အလွန်သတ္တိရှိပြီး ခံနိုင်ရည်ရှိကြပါတယ်။  ULA/AA အနေနဲ့  ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုနှင့် ထောက်ခံအားပေးမှု မရှိရင်  အောင်မြင်နိုင်မှာမဟုတ်ပါဘူး။   စစ်ပွဲတွေကို ရင်ဆိုင်ဖြတ်သန်းလာရတာဟာ ခုဆိုရင် ခြောက်နှစ်ကျော်ရှိနေပါပြီ။ အဓိကတော့  စစ်အစိုးရက ကုန်သွယ်ရေး လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလာရေး ပိတ်ဆို့မှုတွေကြောင့် ရက္ခိုင်ပြည်က ပြည်သူအားလုံးဟာ အလွန်ခက်ခဲတဲ့ ကာလကို ဖြတ်သန်းနေကြရပါတယ်။

ဒါပေမဲ့လည်း ခုအချိန်မှာ ကျနော်တို့တွေဟာ  အခက်အခဲဆုံးကာလကို ကျော်ဖြတ်ခဲ့ကြပြီးဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ အရမ်းကို အရေးကြီးပါတယ်။ ကျနော်တို့လက်ထဲမှာရှိတဲ့ ရက္ခိုင်ပြည်ရဲ့ အနာဂါတ်ကို ပုံဖော်ထုဆစ်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့မှာ ဆန်ရေစပါး၊ ဟင်းသီးဟင်းရွက် နှင့် သားငါးတွေဟာ ကျနော်တို့ရဲ့ပြည်သူတွေကို ယာယီ အထောက်ပံ့ဖြစ်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိတိုက်ပွဲတွေ ဆက်ရှိနေသေးတာကြောင့် ဒေသတွင်းက လူမှုအသိုင်းအဝိုင်းအားလုံးမှာ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေနိုင်သေးတာပေါ့။ 

လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေကြုံနေရတဲ့ ခုလိုမျိုး အခြေအနေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနှင့် အိမ်နီးချင်း နိုင်ငံတွေက ကျနော်တို့နဲ့အတူ ရပ်တည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တကယ်တော့ ကျနော်တို့အစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ် ကုန်သွယ်ရေး အခွင့်အလမ်းတွေကို တိုးချဲ့လုပ်ဆောင်နိုင်ဖို့ကိုလည်း အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ 

မေး- ပလက်ဝ လွတ်မြောက်သွားခြင်းရယ်၊ နောက်ထပ် အာရက္ခတပ်တော်ရဲ့ သိမ်းပိုက်မှုတွေမှာ ချင်းအမျိုးသားတပ်ဦး အပါအဝင် တချို့ ချင်းတော်လှန်ရေးအဖွဲ့တွေက ဆန့်ကျင်ခဲ့ကြပါတယ်။ အဲဒီကိစ္စဟာ စစ်အစိုးရကို ဆန့်ကျင်ကြတဲ့  အုပ်စုတွေအကြားမှာ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းဖို့စီစဥ်ထားပါသလဲ။ 

ဖြေ- ပလက်ဝဆိုတာ ရခိုင်ပြည်သူတွေ ဆုံးရှုံးခဲ့ရတဲ့ ပိုင်နက်နယ်မြေတစ်ခုပါပဲ။ အဲဒီဒေသဟာ ရက္ခိုင့်အုပ်ချုပ်မှုအောက်မှာ နှစ်ထောင်ချီရှိနေခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာ ရက္ခိုင်နိုင်ငံတော် ကျရှုံးပြီးအချိန်ကတည်းကပင် အပြင်က အင်အားကြီးနိုင်ငံတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ကျနော်တို့ ခံစားခဲ့ရပါတယ်။ ကျနော်တို့တွေရဲ့ ကံကြမ္မာကို အဲဒီကိုလိုနီနယ်ချဲ့တွေကပဲ အဆုံးအဖြတ်ပေးခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ ကျနော်တို့ နိုင်ငံရဲ့ နယ်စွန်နယ်ဖျားတစ်ခု မဟုတ်ပဲ အဓိကျတဲ့ တချို့နေရာအစိတ်အပိုင်းတွေကိုပါ ဆုံးရှုံးခဲ့ရပါတယ်။

ဗမာမင်းဆက်နှင့် ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုအောက်မှာ အဲဒီဒေသဟာ ရက္ခိုင်ပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့လည်း မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်မှာတော့ ဦးနု အစိုးရလက်ထက်မှာ ရခိုင်လူမျိုးတို့ရဲ့ သဘောဆန္ဒမပါဘဲ သူတို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက်နှင့် အကျိုးစီးပွားအတွက် တစ်ဖက်သတ် ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီဒေသဟာ ရခိုင်ပြည်နယ်က ခွဲထုတ်ခံလိုက်ရသော်လည်း သမိုင်းကြောင်းအရ ပလက်ဝဒေသရဲ့ အုပ်ချုပ်ရေးကို ရခိုင်ပြည်က စီမံခန်ခွဲအုပ်ချုပ်ခဲ့ကြတယ်။ နောက်ပြီး စစ်အစိုးရရဲ့  “အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်” က အဲဒီဒေသကို ထိန်းချုပ်ခဲ့ကြတယ်။ 

ပလက်ဝဒေသဆိုတာ  သမိုင်းကြောင်း အရ၊ ပထဝီဝင်အနေအထားအရ၊ ယဉ်ကျေးမှုအရ၊ လူမှုစီးပွားရေးအရ ရက္ခိုင်နှင့် ဆက်စပ်နေတယ်။ ကျနော်တို့ရဲ့ တပ်တော်  စတင်တည်ထောင်စဥ်ကတည်းကပင် ကျနော်တို့ အဓိကစိုးရိမ်ခဲ့ကြတာက တိုက်ပွဲကာလတွေမှာတောင် အဲဒီ ဒေသခံလူထုကို ကာကွယ်ပေးဖို့အထိပါပဲ။ ခုအချိန်မှာတော့ ကျနော်တို့ရဲ့ လွတ်မြောက်နယ်မြေတွေမှာ  အုပ်ချုပ်ရေးအဓိကပန်းတိုင်ကတော့ ဒေသခံလူထု မရှိမဖြစ်လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ဖော်ဆောင်သွားရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင့် ကျနော်တို့အနေနဲ့ လက်ရှိ စီမံခန့်ခွဲအုပ်ချုပ်မှုတွေမှာ ဒေသခံပြည်သူတွေ ပိုမိုပါဝင်လာစေဖို့ ရည်ရွယ်ထားသလို ပြည်သူတွေရဲ့ ကိုယ့်နေရာကိုယ့် ဒေသတွေကိုလည်း လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်လာစေဖို့ကိုလည်း လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ 

လောလောဆယ်မှာတော့ ပလက်ဝဒေသကို တည်ငြိမ်ပြီး လုံခြုံအောင်လုပ်ဖို့ လိုအပ်သလို ကုလားတန်စီမံကိန်းလိုမျိုး အရေးကြီးတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကိုပါ အချိန်နဲ့တပြေးညီ လုံခြုံအောင် စီမံဆောင်ရွက်နိုင်ဖို့ လိုအပ်နေပါတယ်။  အဲဒီစီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကနေ ဖွံ့ဖြိုးတိုးတက်လာမှသာ ဒေသခံလူထုအတွက်သာမက အိန္ဒိယ၊ ရက္ခိုင်နှင့် ဒေသတွင်းရှိ အခြားသော သက်ဆိုင်သူတွေကိုပါ အကျိုးရှိလာမှာလည်း ဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပင် ပလက်ဝပြဿနာဟာ ရက္ခိုင်နှင့် အိမ်နီးချင်း ချင်းပြည်နယ်က အချို့သော အင်အားစုတွေ အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်လာမှာကို မလိုလားပါဘူး။ ခုအချိန်မှာ ကျနော်တို့တွေဟာ “ချင်းညီနောင် ” ကတဆင့် ချင်းညီအစ်ကိုတွေ နှင့် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီး ညီရင်းအစ်ကိုများ စိတ်ဓာတ်ကို မွေးမြူပြီးတော့မှ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့  ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး- ရက္ခိုင်ပြည်အတွက် ဘယ်လိုအနာဂတ်မျိုး မျှော်မှန်းထားပါသလဲ။  မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာလား။

ဖြေ- ULA/AA ရဲ့ အဓိက ရည်ရွယ်ချက်ကတော့  ရက္ခိုင်ဒေသနှင့် ပြည်သူတွေအတွက် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အခြားအစိုးရအဖွဲ့တွေနဲ့အတူ အကျိုးရှိတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့  ကျနော်တို့ မျှော်မှန်းထားပါတယ်။ 

ကျနော်တို့ရဲ့ ပထမဦးစားပေးကတော့ ရက္ခိုင်ပြည်ကို အချုပ်အခြာအာဏာပိုင် တစ်ခုအနေနဲ့ ခိုင်မာပြီး  ငြိမ်းချမ်းသာယာဝပြောပြီး ဂုဏ်သိက္ခာရှိတဲ့ ဒေသ တစ်ခုအဖြစ် ဖန်တီးရေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းအားလုံးက ပြည်သူအားလုံး  တန်းတူညီမျှအခွင့်အရေးတွေ ရရှိကြပြီး တူညီတဲ့ တာဝန်တွေကို လိုက်နာ စောင့်ထိန်း သွားကြရမှာပဲ ဖြစ်ပါတယ်။

September 06, 2024 ထုတ် The Diplomat.com မှ သတင်းထောက် Rajeev Bhattacharyya ၏ ”Arakan Army Commander-in-Chief Twan Mrat Naing on the Future of Rakhine State” အင်တာဗျူးကို ဘာသာပြန် ဆိုထားခြင်းဖြစ်သည်။ 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။