သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်၊ ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့၍ ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေ



‎AB News – ဇူလိုင် ၂၃၊၂၀၂၅
‎နွယ်စိုး

‎ရက္ခိုင်ပြည်အတွင်း၂၀၂၅ ခုနှစ်၊ ဇွန်လကုန်လောက်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့ပြီး ပြည်သူများ အရေးပေါ်အကူအညီ အရေးတကြီး လိုအပ်နေသည်ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ဇူလိုင်လ ၂၂ ရက်နေ့ က ထုတ်ပြန်သည်။

‎ရေလွှမ်းမိုးခံခဲ့ရသောနေရာအများစုတွင် အကူအညီများ လက်လှန်းမီရန် ခက်ခဲသောကြောင့် အကူအညီရရှိမှုများ နည်းပါးလျက်ရှိ၍ လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အမိုးအကာများ၊ မျိုးစပါးများ၊ အမျိုး သမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်လျက်ရှိနေပါသည်” ဟု ဖော်ပြထားသည်။

‎လက်ရှိမှာ HDCO က ရေလွှမ်းမိုးခံခဲ့ရသောဒေသများဆီသို့ သွားရောက်ပြီး အရေးပေါ်အကူအညီများ ဆောင်ရွက်မှုနှင့် အတူ ရေဘေးသင့်အချက်အလက်များကိုပါ ကောက်ခံလျက်ရှိနေသည်ဟု ဆိုထားသည်။

‎ HDCOက ကောက်ခံထားသော စာရင်းများအရ ဒုက္ခသည်စခန်းများ အပါအဝင် ကျေးရွာ (၉၀) ကနေ အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦး ရေဘေးသင့်လျက်ရှိနေသည်ဟု သိရသည်။

‎မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အစရှိသော မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး၊ ယင်းအထဲက ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်များပျက်စီးခြင်း၊ စပါးခင်းများပျက်စီးခြင်း၊ လမ်း၊ တံတားများပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်များအပြင် လူသေဆုံးမှုများပါရှိနေသည်ဟု HDCO က ဆိုထားသည်။

‎ယင်းကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိသော အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သို့ဆက်သွယ်ပြီး ထိခိုက်ခံခဲ့ရသည့်နေရာများသို့ လိုအပ်သောအကူအညီများ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ကိုလည်း တိုက်တွန်း၊ နှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ