သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် စစ်ကော်မရှင်က ၃ ရက်အတွင်း မြို့ ၅ မြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်၊ သေဆုံး ၁၂ ဦးနှင့် ဒဏ်ရာရသူ ၃၁ ဦးထိ ရှိလာ
ပြီးခဲသည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ကုန်ဘွေရွာမှ သေဆုံးခဲ့ရသည့် အမျိုးသမီးတစ်ဦး မြင်တွေ့ရစဉ်။

AB News – နိုဝင်ဘာ ၁၊ ၂၀၂၅

ရက္ခိုင်က မြို့နယ် ၅ ခုကို စစ်ကော်မရှင်တပ်က ၃ ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ဖော်ပြခဲ့သည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့ကို လေကြောင်းမှ ဒရုန်း၊ ဂျက်ဖိုက်တာနှင့် Y12 ထောက်ပို့လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ရသေ့တောင်မြို့နယ်မှ ၁ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၆ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးနှင့် ပေါက်တောမြို့နယ်မှ ၁ ဦး သေဆုံးခဲ့ရသည်။

ထို့အပြင် ကျောက်ဖြူမြို့နယ်မှ အရပ်သား ၁၈ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၉ ဦး၊ ပေါက်တောမြို့နယ်မှ ၂ ဦးနှင့် ရသေ့တောင်မြို့နယ်မှ ၂ ဦးအပါအဝင် ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဤကဲ့သို့ စစ်ကော်မရှင်၏ အရပ်သားပြည်သူများအပေါ် လေကြောင်းမှ သူရဲဘောကြောင်စွာ ဗုံးကြဲတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ပြည်သူများအနေဖြင့် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကို အထူးသတိပြုရန် အာရက္ခတပ်တော်က ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကော်မရှင်တပ်သည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်သော မြို့၊ ရွာများကို လေကြောင်းတိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း ရက္ခိုင်စစ်ရေးလေလာသုံးသပ်သူများက AB News သို့ ပြောသည်။

“စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ မြို့၊ ရွာတွေကို ဗုံးကြဲသတ်ဖြတ်နေတယ်။ ဆေးရုံ၊ ဆေးခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေကို နေ့တိုင်းဆိုသလို ဗုံးကြဲနေတယ်။ ဒါတွေဟာ ဂျီနီဗာကွန်ဗားရှင်းကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်တယ်” ဟု ဆိုသည်။

ရက္ခိုင်တွင် မြို့သိမ်းတိုက်ပွဲစတင်ဆင်နွဲခဲ့သော တကျော့ပြန်တိုက်ပွဲကာလအတွင်း စကမ ၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ၉၀၀ ကျော် သေဆုံးပြီး ၂၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မတရားဖမ်းဆီးခံထားရသည့် ပြည်သူ ၁၀၀၀ ကျော် ရှိကြောင်း HDCO က ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ခဲ့သော မြောက်ပိုင်းညီနောင် ၃ ဖွဲ့မှ MNDAA၊ TNLA တို့နှင့် နှစ်ဖက်အပစ်ခတ်ရပ်စဲထားသည့် စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားသော ရက္ခိုင်ကို ယခင်ထက် စစ်ရေးထိုးနှက်မှု ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

တစ်ဖက်တွင် အာဏာသိမ်း စစ်ကော်မရှင်သည် အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသော်လည်း တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာ ဒေသများကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်။

ပုံစာ – ပြီးခဲသည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ကုန်ဘွေရွာမှ သေဆုံးခဲ့ရသည့် အမျိုးသမီးတစ်ဦး မြင်တွေ့ရစဉ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ