သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်က ထိန်းချုပ်မြို့နယ်အချို့တွင် အဓမ္မပြုကျင့်မှုများ ဆက်တိုက်ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများ၏ သဘောထားအမြင်

AB News – သြဂုတ် ၂၊ ၂၀၂၅ (Vox Pop)

မျိုးဟိန်း

ရက္ခိုင်က ထိန်းချုပ်မြို့နယ်အချို့တွင် အဓမ္မပြုကျင့်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အပြင် ၎င်းအမှုများအား တရားစီရင်ရာ၌ ပွင့်လင်းမြင်သာမှုမရှိသောကြောင့် ဒေသခံပြည်သူများအကြား ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိနေသည်။

လက်ရှိမှာ ပေါက်တော၊ မင်းပြား နှင့် မြေပုံမြို့နယ်များတွင် မုဒိန်းမှုကျူးလွန်သူများကို အာရက္ခပြည်သူ့အစိုးရ၏ DLEPS ဌာနမှ ဖမ်းဆီးထိန်းသိမ်းထားသော်လည်း တရားရေးဌာန၏ တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း ပြည်သူများက ဆိုကြသည်။

ထို့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် မုဒိန်းမှုကျူးလွန်ထားသည့် အပြစ်သားများကို ထိ‌‌ရောက်စွာအ‌ရေးယူရန်၊ တရားစီရင်ရာ၌ ပွင့်လင်းမြင်သာမှုရှိစေရန် အစိုးရ၏ ပညာ‌ရေးသင်ရိုး ညွှန်းတမ်းများတွင် ကျား/မ အခြေပြု အကြမ်းဖက်မှုများအား တိုက်ဖျက်သည့် အယူအဆများ၊ တန်းတူ‌ရေး အယူအဆများ ပါဝင်သည့် (Comprehensive Sexuality Education) ကို ကျောင်းသင်ရိုး များတွင် လက်လှမ်းမှီသလောက် ကြိုးစားထည့်သွင်းရေးဆွဲရန် ပြည်သူများက တောင်းဆိုနေကြသည်။

  • သံတွဲဒေသခံအမျိုးသမီးတစ်ဦး

အခုရက်ပိုင်း ကြားရတဲ့ သတင်းတော်တော်များများက ရခိုင်ပြည်မှာ (Rape Case) တွေ တော်တော်များ လာတာကို တွေ့ရတယ်။ အထူးသဖြင့်တော့ (ULA/AA) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပိုပြီးအဖြစ် များတယ်ပေါ့နော်။ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေပေါ်ကို ကျူးလွန်တာတွေလဲ ပိုများလာတယ်။ ဒီအပေါ်မှာ ပြောရမယ်ဆိုရင် အထူးသဖြင့်တော့ မုဒိန်းမှု ဖြစ်လာပြီဟေ့ဆိုရင် ဒါနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ မရှိတာမို့လို့  ပိုဆိုးလာတာလို့ မြင်ပါတယ်။

မုဒိန်းမှုဖြစ်တယ်လို့ ကြားလိုက်ရင် အာရက္ခတပ်တော်က ဖမ်းသွားတယ်ဆိုတာလောက်ကိုပဲ ကြားလိုက်ရပြီး အဲ့ဒီမုဒိန်းကောင် ဘယ်လိုဖြစ်သွားတယ်ဆိုတာမျိုး အမှုအခြေနေ ဘယ်ထိ ရောက်သွားပြီဆိုတာမျိုးကို ဆက်မကြားရတော့ဘဲ အမှုက ကြန့်ကြာပြီး ပပျောက်သွားတာ များပါ တယ်။ အဲ့ဒီလိုတွေ မဖြစ်ရအောင်  အာရက္ခပြည်သူ့တော်လှန်‌ရေးအစိုးရအနေနဲ့  ထိရောက်တဲ့ ပြစ်ဒဏ်တွေ သတ်မှတ်ပေးတာ ဒီလို အမှုတွေ ဖြစ်လာရင် ပြစ်ဒဏ်စီရင်ပုံ၊ အမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတစ်ရပ်လုံး သိရှိသွားအောင် ထုတ်ဖော်တာမျိုးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်ပါ တယ်။

နောက်တစ်ခုက (Sex Education) နဲ့ ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့် အသိပညာ‌ပေးတာမျိုးလဲ ရှိသင့်တယ်။ ကလေးအရွယ်မှာလဲ ကလေးအရွယ်နဲ့သိသင့်တဲ့ အသိပညာပေး မှုတွေ ရှိသင့်တယ်။ ဥပမာဆိုရရင် မိဘတွေက ကိုယ့်ရဲ့သားသမီးတွေကို သူတို့ရဲ့ (Private Area) တွေကို သူတို့နားလည်နိုင်မဲ့ စကားလုံးလေးတွေသုံးပြီး ဒီလိုနေရာတွေကတော့ မေမေဖေဖေကလွဲရင် အခြားလူတွေ ကိုင်မယ် ကြည့်မယ်ဆိုရင် ခွင့်မပြုရဘူးဆိုတာမျိုး နောက်တစ်ခုက လူကြီးတွေအနေနဲ့လဲ ကလေးကို ချစ်တာမို့ဆိုပြီး ကလေးရဲ့ (Private area) တွေကို ကိုင်တာမျိုး အဆင်အခြင်မဲ့ ပြောတာမျိုး မလုပ်ဘဲ ကလေးတွေရဲ့ (Privacy) ကို လေးစားသင့်တယ်လို့ထင်တယ်။ အချုပ်ပြောရရင်တော့ ထိရောက်တဲ့ အရေးယူ ပြစ်ဒဏ်စီရင်မှု အားနည်းတာ၊ ပွင့်လင်းမြင်သာမှု မရှိတာက အဓိကကျတယ်လို့ ထင်တယ်။

  • ပေါက်တောဒေသခံအမျိုးသားတစ်ဦး

မုဒိန်းမှုတွေ၊ သက်ငယ်မုဒိန်းမှုတွေ ဖြစ်တာကို ကိုင်တွယ်မယ်ဆိုရင်  ဥပဒေအရ တင်းတင်း ကြပ်ကြပ် ကိုင်တွယ်တာနဲ့ အသိပညာပေးလုပ်ငန်းတွေကိုလည်း တစ်ပြိုင်တည်းလုပ်သင့်တယ်လို့ မြင်မိတယ်။ လက်ရှိ ရခိုင်မှာ တိုက်ပွဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ကြုံနေရတဲ့ အချိန်မျိုးမှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အာရက္ခပြည်သူ့တော်လှန်‌ရေးအစိုးရတို့ တစ်ပြိုင်တည်း လုပ်ရမဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို လုံလောက်တဲ့ကာကွယ်မှု မပေးနိုင်သမျှတော့ ဘယ်စနစ်နဲ့ပဲ အုပ်ချုပ် အုပ်ချုပ် တရားဥပဒေစိုးမိုးပါတယ်လို့ ပြောလို့မရဘူး။

ကျနော်တို့မှာ ယခင်စစ်ကောင်စီအုပ်ချုပ်တဲ့အချိန်တုန်းလည်း မုဒိန်းမှုတွေ အများကြီးဖြစ်ခဲ့တယ်။ ခုလည်း ဖြစ်နေတယ်ဆိုတော့ အမျိုးသမီးတွေ အပေါ် ကျနော်တို့လူ့ဘောင်ကနေ မြင်တဲ့ အမြင်တွေကိုလည်း ပြောင်းလဲဖို့ လိုမယ်။ မုဒိန်းမှုတွေ ပပျောက်အောင်လည်း ရပ်ကွက်အဆင့်၊ ကျေးရွာအဆင့်တွေမှာ အကောင်အထည်ဖော်တာမျိုးတွေအပြင် လိင်ပိုင်းဆိုင်ရာကျူး လွန်ခံရတဲ့ အမျိုးသမီးတွေ ပိုပြီးပြောရဲလာအောင် အားပေးတိုက်တွန်းပေးတာတွေ၊ ထိထိရောက်ရောက်ကာ ကွယ်ပေးတာတွေ လုပ်သင့်တယ်။ ကျူးလွန်ခံရတာကို ပြောရမှာ ရှက်စရာမဟုတ်၊ ကျူးလွန်တဲ့ သူတွေသာ အပြစ်သားတွေ ဖြစ်တယ်။ ပြီးတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေကိုပါ တစ်ဆက်တည်း လုပ်ပေးဖို့ လိုအပ်တယ်။

  • မင်းပြားဒေသခံအမျိုးသမီးလူငယ်တစ်ဦး

လက်ရှိရခိုင်မှာ မုဒိန်းမှုတွေ တိုးလာတာနဲ့ ပတ်သက်ပြီးတော့ မြင်မိတဲ့အရာက အခုဆိုရင် လူတိုင်းနီးပါး (Social Media) ကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာကြောင့် ကိစ္စတစ်ခုခုဖြစ်တာနဲ့  Online ပေါ်ကို ချက်ချင်း တက်လာတာကို တွေ့မြင်ရတယ်။ အခြားတစ်ဖက်မှာလဲ  ရွယ်တူတွေချင်း အဓမ္မပြုကျင့် (Rape) ခံရရင် တိတ်ဆိတ်နေကြတယ်။  ဘာဖြစ်လဲဆိုရင် ရှက်စရာ၊ ဖွင့်ပြောလိုက်ရင် သိက္ခာကျမယ် ဆိုပြီးတော့ တွေးကြလို့ ဖြစ်တယ်။ အခုဆိုရင် လူတွေဟာ တရားမျှတမှုလိုချင်ရင် ငါတို့တွေ အသံထွက် မှ ရမယ်ဆိုတဲ့ အမြင်တွေ ကျယ်လာတယ်လို့ မြင်မိပါတယ်။

နောက်တစ်ခုက ကိုယ့်ကိစ္စကို ကိုယ့်ဘာသာ မဖြေရှင်းနိုင်ဘဲ အတင်းအဓမ္မ ပြုကျင့်တဲ့ လူတစ်ချို့ဟာလဲ ကိုယ့်ဘာသာ ကိုယ်မဖြေရှင်းတတ်လို့လား ဆိုတဲ့အရာကိုတော့ မပြောတတ်တော့ဘူး။

အဲ့လိုမျိုး လူစိတ်ပျောက်ပြီး တိရစ္ဆာန်နဲ့နှိုင်းယှဉ်ရမဲ့ လူတချို့ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရရဲ့ တရားရေးဌာနအနေနဲ့ ထိထိရောက်ရောက် အရေးယူတဲ့ နေရာမှာ လိုအပ်မှုတွေ ရှိတဲ့အတွက်ကြောင့် အတင်းရဲလာတာလို့ မြင်မိတယ်။

လူတိုင်းမှာ လိင်စိတ်ဆိုတာရှိပေမဲ့လည်း လူလိုမျိုး မဖြေရှင်းတတ်တဲ့ လူတွေအတွက် လူနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးကိုလည်း ပေးဖို့မတန်တဲ့အတွက်ကြောင့် အဲ့လိုလူမျိုးတွေကို တန်းတူ အခွင့်အရေး ပေးလိုက်ရင် ပေးတဲ့လူတွေရဲ့ အပြစ်ကြောင့် ဖြစ်လာတယ်လို့ ကျွန်မတစ်ဦးတစ်ယောက်အနေနဲ့ မြင်မိပါတယ်။

ကျွန်မ‌အနေနဲ့ဆိုလည်း ကျွန်မမှာညီမတွေ၊ တူမတွေရှိတဲ့အတွက် မုဒိန်းမှု (Rape case) တွေ ပိုမြင်လာ ရတဲ့အခါ ပိုပြီးဝောာ့ စိတ်မချ၊ မလုံမခြုံဖြစ်ရပါတယ်။ ဘာတွေလိုအပ်လဲဆိုရင် တရားမျှတတဲ့ ထိရောက်အရေးယူမှု၊ ကလေးငယ်တွေ (Sex Awareness) တွေ ပေးဖို့ လိုအပ်ပါတယ်။ မိဘတွေအနေနဲ့ လည်း သားသမီးကို Private Areas တွေကို မထိရမကိုင်ရ၊ ကိုင်ခဲ့တယ်ဆိုရင်လည်း ပြန်ပြောရမယ် ဆိုတာကို ငယ်ငယ်ကလေးတည်းက နေသင်ကြားပေးဖို့ လိုအပ်ပါတယ်။

အရေးကြီးတဲ့ထဲမှာမှ အရေးကြီးဆုံးကတော့ တရားဥပေဒေ စိုးမိုးရေးက အဓိကဖြစ်တယ်။ ဒါကြောင့် သေဒဏ်ပေး သင့်တဲ့လူကို အများပြည်သူမြင်‌သာအောင် ပေးဖို့လိုအပ်ရင် သေဒဏ်ပေးသင့်တယ်လို့ မြင်မိပါတယ်။ ကျွန်မတို့ပြည်မှာ စစ်ပွဲတွေဖြစ်နေလို့ စစ်ရေးကို ပိုအလေးထားနေရပေမဲ့လည်း ဒီကိစ္စ တွေဟာ လက်သည်းခွံ‌လေးလောက်တောင် လျော့ပေါ့သင့်တဲ့ အရာမဟုတ်ဘူးလို့  မြင်မိပါတယ်။

  • စစ်တွေဒေသခံ ကျား/မ ရေးရာ (Gender) သင်တန်းပြဆရာတစ်ဦး

ဖိုဝါဒီကြီးစိုးပြီး ကျား၊ မ တန်းတူညီမျှမှုအားနည်းတဲ့ လူ့အသိုင်းအဝိုင်းတွေ၊ Sexual Consent (လိင်ပိုင်းဆိုင်ရာ သဘောတူညီမှု)ရဲ့ အရေးပါမှုအကြောင်းကို ငယ်စဉ်က‌တည်းက ကျောင်းပညာရေး၊ လူကြီးမိဘဆွေမျိုး အသိုင်းအဝိုင်းကြားမှာပါ ပညာပေးသွန်သင်မှုအားနည်းတဲ့ လူ့အသိုင်းဝိုင်းတွေ၊ တရားဥပဒေအကောင်အထည်ဖော်  စီရင်ဆုံးဖြတ်မှုအားကောင်းဖို့ ရုန်းကန်နေရဆဲ လူ့အသိုင်းအဝိုင်း တွေမှာ မုဒိန်းမှု‌တွေဟာ ကျွန်တော်တို့ အွန်လိုင်းမှာ မြင်ရတွေ့ရတာတွေထက် ကြောက်ခမန့်လိလိကို များပြား‌ နေတာကြာပါပြီ။

ရခိုင်ဒေသတစ်ခုတည်းမှာပဲ များပြားနေတာမဟုတ်ဘဲ အထက်ပါ အချက်အလက်နဲ့ ကိုက်ညီနေတဲ့ ဒေသတိုင်းမှာ ဖြစ်နေတာဖြစ်ပါတယ်။

ရခိုင်ဒေသဟာ စစ်ကောင်စီရဲ့ ဖြတ်‌တောက်ပိတ်ဆို့ခြိမ်းခြောက်မှုမျိုးစုံကို အန်တုတော်လှန်ရင်း ပြည်သူ့ရေးရာဝန်ဆောင်မှုကဏ္ဍတွေမှာ ရုန်းကန်နေရတဲ့ကာလတစ်ခုလည်းဖြစ်ပြီး အမျိုးသမီးတွေ ကိုသာ ထိန်းထိန်းသိမ်းသိမ်းနေခိုင်းကာ အမျိုးသားတွေကို (Sexual Consent) လို့ ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ သဘောတူညီမှုအကြောင်း သွန်သင်မှုအားနည်းပြီး အမျိုးသမီးနဲ့ တခြားလိင်စိတ်ခံယူမှု တိမ်းညွတ်မှုကွဲပြားသူ (LGBTQ) တွေကိုလေးစားဖို့ သွန်သင်မှုအားနည်းတဲ့ ဖိုဝါဒီလွှမ်းမိုးတဲ့ ယဉ်ကျေးမှု စနစ်၊ စစ်ကောင်စီ ပညာရေးစနစ်အောက်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတဲ့ အသိုင်းအဝိုင်းတစ်ခု ဖြစ်တာကြောင့် စစ်ကောင်စီလက်ထက်၊ NLD အစိုးရလက်ထက်နဲ့ လက်ရှိ အာရက္ခပြည်သူ့ တော်လှန်‌ရေးအစိုးရလက်ထက်အထိကို မုဒိန်းမှုတွေများစွာရှိနေတာဖြစ်ပါတယ်။ 

ယခုကာလတွေမှာတော့ လူထုအကြား Internet သုံးစွဲမှု တွင်ကျယ်လာပြီး သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်လာတဲ့ ခေတ်တစ်ခုရောက်လာတဲ့အတွက်ရယ်၊ ကျား/မ အခြေပြု အကြမ်းဖက် မှုမျိုးစုံနှင့် တန်းတူမညီမျှမှုတွေကို ပ‌‌ပျောက်လိုစိတ်ပြင်းပြတဲ့ လူငယ်မျိုးဆက်တစ်ခု ပေါ်လာတာကြောင့် လူ့အဖွဲ့အစည်းအတွင်း ဖိုဝါဒီစနစ်ကြောင့် တိတ်တဆိတ် လှိုက်စားနေကာ  လိင် အကြမ်းဖက်ခံနေရမှုတွေကို လူထုဟာ ပိုပြီးသိခွင့်ရလာပြီး သာမာန် ဖြစ်ရိုးဖြစ်စဥ် တစ်ခုလို သဘော ထားနေကြရာကနေ မုဒိန်းမှု လျှော့ချနိုင်ရေးကို ပိုပြီးအားစိုက် လာကြတာလည်း ဖြစ်ပါတယ်။

လူထုက မုဒိန်းမှုတွေကို သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုမမြင်ဘဲ လျော့နည်းပပျောက်စေလိုတဲ့ စိတ်ဆန္ဒဟာ ရှိကိုရှိသင့်တဲ့ စိတ်ဆန္ဒတစ်ခုလည်းဖြစ်ပြီး ဒီဆန္ဒတွေကို အခြေခံပြီး မုဒိန်းမှုတွေကို လျော့ကျစေဖို့ နည်းလမ်းမှန်တွေကို ဦးတည်စေတဲ့ အလေ့အကျင့်၊ ဥပဒေ၊ ယဉ်ကျေးမှုတွေ ထွန်းကားစေဖို့အရေးကြီးပါတယ်။

မုဒိန်းမှုတွေပပျောက်ဖို့  အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ဝတ်စားသွားလာလှုပ်ရှားခြင်းကို ကန့်သတ် လိုတဲ့ အယူအဆဟာ အမျိုးသမီးတွေရဲ့ အခြေခံလူ့ရပိုင်ခွင့်ကို ကန့်သတ်ရာရောက်ပြီး နောက်ပြန်ဆွဲ၊ လွဲမှားတဲ့ ဖိုဝါဒီ အယူအဆတစ်ခုသာဖြစ်သလို မုဒိန်းမှုကျူးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ရေး ဥပမာ – သေဒဏ်ပေး ဖို့တောင်းဆိုခြင်း တစ်ခုတည်းကို အာရုံစိုက်မှုတွေဟာ မုဒိန်းမှုလျော့ပါးပ‌‌ပျောက်‌ရေးအတွက် မလုံလောက်သေးပါဘူး။

မုဒိန်းမှုတွေ လျှော့ချနိုင်ဖို့ လူထုနဲ့ အစိုးရနှစ်ရပ်လုံးမှာ တာဝန်ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံ နေရမှုတွေ၊ ကျား/မ အခြေပြုအကြမ်းဖက်မှုတွေနှင့် ကျား/မ တန်းတူညီမျှမှုမရှိခြင်းတွေဟာ ရက္ခိုင့်လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးခိုင်မာ‌ရေးအတွက် ကြီးမားစွာ ဟန့်တားပိတ်ဆို့နေတာကြောင့် ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အမျိုးသားအဆင့် အရေးကြီးဖော်‌ဆောင်ရမဲ့ ပန်းတိုင်တွေအဖြစ် အလေးထား လုပ်ဆောင်ကြရပါမယ်။

လူထုအနေနဲ့ မုဒိန်းမှု အားပေးအယူအဆတိုင်းကို နေ့စဉ်ဘဝမှာ ယုံကြည်ကျင့်သုံးနေခြင်းအား ဆန့်ကျင်၊ ပစ်ပယ်ဖို့ လိုအပ်ပါတယ်။ ဥပမာ- အမျိုးသမီးတွေ အနေအထိုင် အသွားအလာမတတ်လို့၊ အဝတ်အစားကြောင့် မုဒိန်းအကျင့်ခံရတာဆိုတဲ့ အယူအဆဟာ မုဒိန်းကောင်ပေါင်းမြောက်မြားစွာကို မွေးထုတ်ပေးတဲ့ အယူအဆ‌ဖြစ်‌တာကြောင့် ဒီလိုယူဆကျင့်သုံးမှုတွေဖျောက်ဖို့ လိုအပ်ပါတယ်။ ဒါအပြင် မုဒိန်းမှုကျူးလွန်သူ ၉၀ ရာခိုင်နှုန်းကျော် ဟာ အမျိုးသားတွေဖြစ်နေတဲ့အတွက်ကြောင့် မျိုးဆက်သစ်ကလေးငယ်တွေ အထူးသဖြင့် အမျိုးသားကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်သူတွေမဖြစ်အောင် အလေးပေးသွန်သင်ဖို့လိုပါတယ်။ အစိုးရကိုလည်း မုဒိန်းမှု‌‌ ပပျောက်‌ရေး အလေးပေးလာအောင် ဖိအားပေးရပါမယ်။

ဒါ့အပြင် သက်ဆိုင်ရာအစိုးရနေနဲ့ကလည်း မုဒိန်းမှုအပါအဝင် ဒုစရိုက်မှုမျိုးစုံကို တရားမျှတစွာ စီရင်ဆုံးဖြတ် အရေးယူနိုင်ရေး အလေးပေးလုပ်ဆောင်ရပါမယ်။ ကျား/မ တန်းတူညီမျှရေးကို ကဏ္ဍအသီးသီး‌မှာ ဖော်ဆောင်‌‌ရေး၊ ကျား/မ အခြေပြုအကြမ်းဖက်မှုတွေတိုက်ဖျက်တဲ့ အယူအဆတွေ၊ တန်းတူ‌ရေး အယူအဆတွေ ပါဝင်တဲ့ (Comprehensive Sexuality Education) ကိုကျောင်းသင်ရိုးတွေမှာ လက်လှမ်းမှီသလောက် ကြိုးစားထည့်သွင်းရေး၊ လူထုကို အသိပညာပေး ပြောင်းလဲမှုတွေ ထိရောက်စွာ လုပ်ဆောင်လာနိုင်အောင် အမျိုးသမီးအရေး နဲ့ Gender အရေးလှုပ်ရှားတဲ့ ကျွမ်းကျင်သူ‌တွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသံနဲ့ အကြံပေးချက်တွေကို အလေးပေးနားထောင်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မှ မုဒိန်းမှုတွေကို တဖြည်းဖြည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ