သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံတွင် စစ်ကောင်စီပစ်လက်နက်ကြီးကျည်ထိမှန်၍ တက္ကသိုလ်ကျောင်းသူ ၁ ဦးပွဲချင်းပြီးသေဆုံး

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်ထိမှန်၍ အဝေးသင် တက္ကသိုလ်ကျောင်းသူ ၁ ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ မြေပုံမြို့နယ် စညှင်းကျေးရွာမှ အသက် ၂၄ နှစ်အရွယ် မမေသန္တာခိုင်ဖြစ်သည်။

ဧပြီလ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် စညှင်းရွာသို့ လက်နက်ကြီးကျရောက်ရာတွင် ကျည်ထိ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့တွင် ကျောက်ဖြူမြို့နယ် နောင်တော်ကြီးမြစ်အတွင်း၌ ကျောက်ချရပ်နားထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်နေဗီနှင့် အမ်းမြို့နယ် ကဇုကိုင်းရွာအနီး တောဟိန်းတောင်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။  

လက်နက်ကြီး တစ်လုံးမှာ ရွာထဲသို့ကျရောက်ပေါက်ကွဲကာ မမေသန္တာခိုင်၏ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ထိမှန်သွားကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“ရွာထဲမှာကျရောက်ပေါက်ကွဲပြီး သူမရဲ့ရင်ဘတ်နှင့် ဝမ်းဗိုက်မှာ ကျည်စထိသွားတယ်။ ပွဲချင်းပြီးသေသွားတာပါ” ဟု ဆိုသည်။

သေဆုံးသွားသည့် မမေသန္တာခိုင်သည် မြန်မာစာမေဂျာဖြင့် စစ်တွေတက္ကသိုလ်တွင် အဝေးသင် တတိယနှစ် တက်ရောက်နေသော ကျောင်းသူတစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီ၏ ရေတပ်နေဗီမှ လက်နက်ကြီးဖြင့် မြေပုံမြို့နယ် အင်ကြင်းရွာသို့  ပစ်ခတ်ခဲ့ရာ  အသက် ၆၃ နှစ်အရွယ် ဦးကျော်သောင်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မြေပုံမြို့နယ် စညှင်းတောင်တွင် တပ်စွဲထားသည့် စကခ ၅ လက်အောက်ခံ ခမရ ၅၄၄ တပ်ရင်းမှလည်း  အနီးအနားပတ်ဝန်းကျင်ရွာများသို့  လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ