
AB News – အောက်တိုဘာ ၂၉ ၊ ၂၀၂၅
ဆိုဖီ
မြန်မာနိုင်ငံအတွင်း စစ်ကော်မရှင်မှ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်ခြင်း အကြိမ်ရေ ပိုမို များပြားလာသောကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ မစ္စတာ နီကိုလတ်စ် ခွန်ဂျန်က ထုတ်ပြန်ပြောဆိုထားသည်။
စစ်ကော်မရှင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို မှတ်တမ်းတင်ရန် အထောက်အထားများ စုဆောင်းနေကြောင်း ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးတွင် IIMM က ပြောဆိုသည်။
ပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်ကော်မရှင်က နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများ ပိုမိုလုပ်ဆောင်ခဲ့ကြောင်း ခွန်ဂျန် က ပြောဆိုခဲ့ပြီး ယန္တရားအနေဖြင့် သက်သေအထောက်အထား ၁၃၀၀ ကျော်၊ မျက်မြင်သက်သေ ထွက်ဆိုချက် ၆၀၀ ကျော်ကို စုဆောင်းထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်ကော်မရှင်သည် ၎င်းတို့ဖမ်းဆီးထားသူများအား ညှဥ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေမှုများအတွက် သက်သေအထောက်အထားများ ရှိကြောင်းနှင့် စစ်တပ် နှင့် အတိုက်အခံအဖွဲ့များ နှစ်ဖက်စလုံးက ဖမ်းဆီးခံရသူများနှင့် အရပ်သားများကို အကျဥ်းချုပ်၍ သတ်ဖြတ်မှုအား မှတ်တမ်းတင်ထားကြောင်း ခွန်ဂျန် က ဆိုသည်။
စစ်ကော်မရှင်သည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာပြီး စာသင်ကျောင်း၊ ဆေးရုံ၊ နေအိမ်နှင့် ဘာသာရေးအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအပေါ် ယန္တရားက ဦးစားပေး စုံစမ်းနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ပြင်းထန်လာသော တိုက်ပွဲအကြောင်းနှင့် ပတ်သတ်၍လည်း အာရက္ခတပ်တော်က နယ်မြေအများစုကို ထိန်းချုပ်ထားပြီး စစ်ကော်မရှင်ဖက်က ပြင်းထန်စွာ လေကြောင်း ၊ ရေကြောင်းဖြင့်တိုက်ခိုက်မှုများ၊ ဒရုန်း၊ စက်တပ် လေထီးမှ ဗုံးကြဲတိုက်ခိုက်မှုများဖြင့် ပြန်လည်တုံ့ပြန်နေသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် ဒေသအတွင်းမှ အရပ်သားပြည်သူများသည် စစ်ဘေးဒုက္ခပေါင်းစုံနှင့် ဆင်းရဲငတ်မွတ်မှု ဘေးဒဏ်ကို ခံစားနေကြပြီး မူဆလင်အချို့အား နှစ်ဖက် စစ်အဖွဲ့များက စုဆောင်းနေသည့် သက်သေအထောက်အထားများ ရှိကြောင်း ဆိုသည်။
ထို့အပြင် အရပ်သားများကို ပစ်မှတ်ထားပြီး ဒရုန်းတိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မုဒိန်းမှု၊ ညှင်းပန်းနှိပ်စက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို တားဆီးခြင်း စသည့် ဖြစ်ရပ်များကို စုံစမ်း၍ စုဆောင်းနေကြောင်း ဖော်ပြထားခဲ့သည်။
ခွန်ဂျန်က ယန္တရားမှ စုဆောင်းထားသော သက်သေအထောက်အထားများကို နိုင်ငံတကာ ရာဇဝတ်ရုံး ICC၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနှင့် နိုင်ငံတကာတရားရုံး ICJ တို့တွင် အသုံးပြုနေပြီး အထူးသဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် လူမျိုးပြန်းစေမှုကိစ္စအပေါ် အသုံးပြုနေကြောင်း ခွန်ဂျန် က ညွှန်ပြခဲ့သည်။