
AB News- နိုဝင်ဘာ ၂၂၊ ၂၀၂၅
ဒေဝီ
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကူးစက်ပြန့်ပွားနေသည့် ကူးစက်မြန် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးသူ ၉ ဦးအထိရှိလာကြောင်း သိရသည်။
အဆိုပါရောဂါမှာ ပျံ့နှံလွယ်သဖြင့် ထိုဒေသအတွင်း နေထိုင်သည့် ဒေသခံအများအပြား ကူးစက်ခံနေရကြောင်း သိရှိရသည်။
ကာလဝမ်းရောဂါကြောင့် မီဇိုရမ်ပြည်နယ်ရှိ လောင်တလိုင်ခရိုင်တွင် ၆ ဦးသေဆုံးခဲ့ပြီး ဆိုင်ဟာခရိုင်တွင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
လောင်တလိုင်ခရိုင်အတွင်း ဝမ်းရောဂါဖြင့် သေဆုံးသူ ၆ ဦးမှာ ဝမ်းရောဂါစတင်ဖြစ်ပွားရာ လောင်တလိုင်ခရိုင်ရှိ ကာကိချူအ ရွာသားများဖြစ်သည်။
အဆိုပါရွာရှိ ဒေသခံများ သောက်သုံးနေသည့် ရေကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရေမှ ကူးစက်သည့် ကာလဝမ်းရောဂါပိုးရှိကြောင်း မီဇိုရမ်ပြည်နယ်ရှိ ဇိုရမ်ဆေးကောလိပ်နှင့် ဆေးရုံ(ZMC&H) က အတည်ပြုထားသည်။
နိုဝင်ဘာ ၁၁ ရက်နေ့မှစ၍ ကာကိချူအရွာ၌ ဝမ်းရောဂါဖြစ်ပွားနေသည့် လူ ၈၄ ဦးရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
မီဇိုရမ်နှင့် နီးသည့် ပလက်ဝ တွင်လည်း အဆိုပါဝမ်းရောဂါ ကူးစက်ခံရသူများရှိနေပြီး လက်ရှိတွင် ပလက်ဝခရိုင်၊ ပုန်းချောင်းဝကျေးရွာတွင် ဝမ်းရောဂါခံစားနေရသူ ၂၀ ဦးခန့်ရှိပြီး ၆ ဦးခန့်မှာ ဝမ်းပျက်ဝမ်းလျှောဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရသည်ဟု သိရသည်။
ထို ကူးစက်ဝမ်းရောဂါဖြစ်ပွားမှုများကြောင့် အိန္ဒိယအစိုးရက နိုဝင်ဘာလ ၂၄ ရက်နေ့အထိ အိန္ဒိယ- ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းအား ပိတ်ပင်ထားသည်။
အဆိုပါကာလဝမ်းရောဂါ၏ လက္ခဏာများမှာ ရုတ်တရက် ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ကို ဝမ်းရောဂါကူးစက်ခံရသူက ခံစားရမည်ဖြစ်သည်။