သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မအီမြို့ကို စစ်ကောင်စီလေတပ် ၂ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်



‎AB News – သြဂုတ် ၅၊ ၂၀၂၅
‎မျိုးဟိန်း

‎ရက္ခိုင်ပြည်၊​ တောင်ကုတ်မြို့နယ်၊ မအီမြို့ကို စစ်ကောင်စီလေတပ်က ယမန်နေ့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၂ ကြိမ်တိုင်တိုင် လာရောက်ကြဲချခဲ့ကြောင်း မြို့ခံများမှ AB News သို့ ပြောသည်။

‎စစ်ကောင်စီသည် ယမန်နေ့ နေ့လည် ၁ နာရီကျော်တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့မ ရဲစခန်းဟောင်းနေရာကို ဗုံးသီး ၂ လုံးကြဲချခဲ့သည့်အ​ပြင် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

‎ထိုဗုံးသီးမှာ မအီရဲစခန်းဟောင်းခြံဝင်းအနီးအနားနှင့် လမ်းမထက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

‎ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

‎ပြီးခဲ့သည့် သြဂုတ် ၂ ရက်နေ့ကလည်း မိုးကုတ်ကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်မပြည့်သည့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

‎အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင်လည်း သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်ကို စစ်ကောင်စီနေဗီမှ လက်နက်ကြီး ၂ ကြိမ်ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် ၁ ဆောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

‎မြန်မာပြည်အနှံ့ စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၄င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရသည့်တပ်စခန်းများအပြင်၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးများ နှင့် ပြည်သူများနေထိုင်သည့် နေရာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည်။

‎ထို့အပြင် စစ်ကောင်စီသည် မြန်မာပြည်အနှံ့ ၎င်းတို့ဆုံးရှုံးထားသော မြို့ပေါင်း ၆၃ မြို့ကို စစ်အုပ်ချုပ်ရေး ကြေငြာထားပြီး ထိုမြို့များသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများမှ ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ