
AB News-ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅
ဖေဖော်ဝါရီလ ၂၂ ရက် ယနေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်၊ ကလန်း၊ မဲရူး ဈေးကြီးတွင် အထောက်အထား မပြည့်စုံသည့် မြန်မာနိုင်ငံသား ၅၃၀ ဦး အပါအဝင် နိုင်ငံခြားသား ၆၃၀ဦး ကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား ၅၃၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ဦး၊ အိန္ဒိယနိုင်ငံသား ၅ ဦးနှင့် နီပေါနိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။
မလေးရှားအာဏာပိုင်များက နံနက်ပိုင်းဈေးဖွင့်ချိန်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သတင်းအရင်းအမြစ်များမှ သိရသည်။

မလေးရှားအာဏာပိုင်များသည် တရားမဝင် ဝင်ရောက်နေထိုင်သူများကို ဆက်တိုက် စစ်ဆေး ဖမ်းဆီးမှုများ လုပ်လာနေပြီး ဖမ်းဆီးရမိသူများကိုလည်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရသည်။
အဆိုပါ မဲရူးဈေးသည် ကုန်စိမ်း၊ အသား ငါးနှင့် အသီးအနှံများကို အဓိက ရောင်းချသည့် ဈေးကြီးဖြစ်ပြီး အခြေခံအလုပ်သမားအဖြစ် တရားမဝင် နေထိုင်သူများကို အများဆုံးတွေ့ရကြောင်း သိရှိရသည်။

ဆလန်ဂေါပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာမှလည်း ယနေ့မနက်တွင် အသက် ၁၇ နှစ်မှ ၅၇ အရွယ်အထိ အမျိုးသား ၆၂၈ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးရမိထားပြီး စမုံညှင်းထိန်းသိမ်းရေးစခန်း (Semenyih Immigration Depot) တွင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၊ ကပုန်း (Kepong) ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ ကလည်း လူနေအိမ်များကို မလေးရှား အာဏာပိုင်များ ဝင်ရောက်စီးနင်းရာ မြန်မာနိုင်ငံသား ၅၀ ခန့် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
မလေးရှားတွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားများကို နေ့စဉ် ဖမ်းဆီးနေပြီး ယခုနှစ်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။