
AB News – ဇူလိုင် ၂၈၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပြည်တော်လှရပ်ကွက်ရှိ ဒေါ်ခိုင်သီတာလင်း (ရာစုသစ်) ဘော်ဒါဆောင်တွင် ပညာသင်ကြားနေသော
(၁၂) တန်း ကျောင်းသား ၁ ဦး မီးလောင်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ မင်းပြားမြို့နယ်၊ ကျွဲကြိုကျေးရွာမှဦးကျော်ဇံနှင့် ဒေါ်ဦးသန်းအေးတို့၏သား အသက် (၁၈) နှစ်အရွယ် မောင်ငြိမ်းထက်ကျော် ဖြစ်သည်။
၎င်းသည် ဇူလိုင်လ (၂၆) ရက်နေ့ နံနက် (၂) နာရီခန့်က ဘော်ဒါဆောင်အတွင်း သူငယ်ချင်းများနှင့်အတူ အိပ်နေစဉ် မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းပြားမြို့နယ်မှ အမျိုးသမီးတစ်ဦးက “မောင်ငြိမ်းထက်ကျော်က သူ့သူငယ်ချင်းတွေနဲ့အတူ အိပ်နေတာ။ သူတစ်ယောက်တည်း ဘယ်လိုမီးလောင်သွားမှန်းမသိဘူး။ ပြောသံကြားတာတော့ အက်စစ်နဲ့ပက်ပြီး မီးရှို့ခံရတာလို့ ကြားတယ်” ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသားမိဘတစ်ဦးက “သားသမီးတွေကို ကိုယ်နဲ့အဝေးမှာ ကျောင်းထားရမှာတောင် ကြောက်လန့်လာပြီ။ ပြဿနာတွေက အမျိုးမျိုးပဲ” ဟု ဆိုသည်။
ထိုဖြစ်စဉ်ကြောင့် ကျောင်းသားမိဘအများအပြား စိုးရိမ်ကြောက်လန့်နေကြပြီး သားသမီးများကို အဝေးသို့ ကျောင်းစေလွှတ်ရန် စိုးရိမ်မှုများ မြင့်တက်လျက်ရှိနေ သိရသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS ဌာနမှ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။