
AB News – အောက်တိုဘာ ၁၉၊၂၀၂၅
နွယ်စိုး
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ(Sheikh Hasina) အား လူသားမျိုးနွယ်အပေါ် အကြမ်းဖက်သည့် ရာဇဝတ်မှုများအတွက် အမြင့်ဆုံးအပြစ်၊ သေဒဏ်ပေးရန် ယူနွတ်စ်ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့မှ အစိုးရရှေ့နေများက တောင်းဆိုလိုက်သည်။
၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများအား ရှိတ်ဟာဆီနာ အစိုးရအဖွဲ့မှ အကြမ်းဖက် နှိမ်နင်းသတ်ဖြတ်ခဲ့ရာ လူပေါင်း ၁၄၀၀ကျော် အထိ သေဆုံးခဲ့ရသည်။
ထို့ကြောင့် ယာယီကြားဖြတ်အစိုးရ ယူနွတ်စ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လူသားမျိုးနွယ်အပေါ် အကြမ်းဖက်သောရာဇဝတ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်၊ သေဒဏ်ပေးရန် တရားစွဲကြိုးပမ်းနေခြင်းဖြစ်သည်။
နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး-၁ (ICT-1) တွင် ရှိတ်ဟာဆီနာအား လက်ရှိယူနွတ်စ်အစိုးရ၏ ရှေ့နေများက တရားစွဲထားပြီး သေဆုံးခဲ့ရသော လူပေါင်း ၁၄၀၀ အတွက် အကြိမ်ပေါင်း ၁၄၀၀ ကွပ်မျက်ရန်လိုအပ်သည်ဟု အစိုးရရှေ့နေချုပ် Tajul Islam က ပြောကြားထားသည်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် ယမန်နှစ် ၂၀၂၄ ခုနှစ် အရေးအခင်းဖြစ်ပွားချိန်ကတည်းက အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး အမှုရင်ဆိုင်ဖို့ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာရန် ယူနွတ်အစိုးရအဖွဲ့က အမိန့်ထုတ်ထားသည်။
ပေါက်ကြားလာသော အသံဖိုင်အရ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် သေစေနိုင်သော လက်နက်များသုံးပြီး ဆန္ဒဖော်ထုတ်သူများအား နှိမ်နင်းရန် လုံခြုံရေးတပ်ဖွဲ့များကို အမိန့်ပေးခဲ့ကြောင်း ယူနွတ်စ်အစိုးရအဖွဲ့မှ စွပ်စွဲထားခြင်းဖြစ်သည်။