သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်က အင်တာနက်သုံးစွဲသည့် နေရာတစ်ခုကို စကမ ဗုံးကြဲ

AB News – ဇန်နဝါရီ ၂၇၊ ၂၀၂၆
အောင်စိုး

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပက်ခွက်ဆိပ်ကျေးရွာအနီး Starlink အင်တာနက် သုံးစွဲသည့် နေရာတစ်ခုကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၇ ရက်၊ ယနေ့ နံနက် ၁ နာရီကျော်အချိန်တွင် ပက်ခွက်ဆိပ်ကျေးရွာအနီးပတ်ဝန်းကျင်ကို စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာနှင့် ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဗုံးလာကြဲတဲ့အချိန်က မနက် ၁ နာရီ၊ ၂၇ မိနစ်မှာ တစ်လုံးကြဲတယ်။ ၁ နာရီ ၃၁ မိနစ်မှာ တစ်လုံးထပ်ကြဲပါတယ်။ ၁ နာရီ၊ ၃၇ မိနစ်မှာလည်း နောက်ထပ်တစ်လုံး ထပ်ကြဲပါတယ်။ စုစုပေါင်း ဗုံး ၃ လုံးကြဲချခဲ့တာပါ။ ဗုံးအမျိုးအစားကတော့ ပေါင် ၃၀၀ ဗုံးလို့ ခန့်မှန်းယူဆရပါတယ်” ဟု ပြောသည်။

ပြည်သူများ အင်တာနက်သုံးစွဲနေသည့် အချိန်မဟုတ်သောကြောင့် ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိကြောင်း ပက်ခွက်ဆိပ်ရွာခံတစ်ဦးက AB News သို့ ပြောသည်။

“ဗုံးလာကြဲတဲ့အချိန် ပြည်သူတွေ မရှိလို့ ထိခိုက်သေဆုံးမှုကတော့ မရှိပါဘူး။ ကံကောင်းသွားတယ်လို့ ပြောရမှာပါ။ အနီးအနားက ဒေသခံတွေတော့ တော်တော် လန့်သွားကြတယ်။ တချို့ဆိုရင် နောက်တစ်ခေါက်လာကြဲမှာကို စိုးရိမ်တာကြောင့် တခြားနေရာသို့ ပြောင်းရွေ့ခိုလုံတာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။

စစ်ကော်မရှင်ဗုံးကြဲခဲ့သည့်နေရာမှာ အာရက္ခတပ်တော်က ဒေသတွင်းနေထိုင်သည့်ပြည်သူများ ဆက်သွယ်ရေး အဆင်ပြေစေရန် အင်တာနက်ဝန်ဆောင်မှု သုံးစွဲခွင့် တရားဝင်ခွင့်ပြုထားသည့် နေရာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်သည် ပြည်သူများ နေထိုင်သည့်နေရာများကို လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်လာသောကြောင့် ဒေသတွင်းပြည်သူများ ထိခိုက်သေဆုံးမှု မြှင့်တက်လျက်ရှိသည်။

ထို့အပြင် စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီအတွင်း စစ်သုံ့ပန်းမိသားစုအပါအဝင် ဒေသခံပြည်သူ ၆၂ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနေကြောင်း AB News ၏ ကောက်ယူထားသော စာရင်းအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ