သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎ပုဏ္ဏားကျွန်းကို စစ်တွေအခြေစိုက် စကမ အမြောက်တပ်ရင်းများမှ လက်နက်ကြီး ပစ်ခတ်



‎AB News – အောက်တိုဘာ ၃၁၊ ၂၀၂၅
‎မျိုးဟိန်း

‎ဒေသခံပြည်သူများ နေထိုင်မှု မရှိသည့် ပုဏ္ဏားကျွန်းမြို့ပေါ် လူနေအဆောက်အဦးများကို စစ်တွေအခြေစိုက် စစ်ကော်မရှင်(စကမ) အမြောက်တပ်ရင်းများမှ လက်နက်ကြီး (ဟာဝစ်ဇာ) ပစ်ခတ်မှုကြောင့် ဘာသာရေးဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း AB News မှ စုံစမ်းသိရသည်။

‎ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နေ့လည် ၁၁ နာရီကျော်အချိန်တွင် စစ်တွေအခြေစိုက် ခမရ (၃၄၄) အမြောက်တပ်ရင်းများမှ ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

‎စကမ ပစ်ခတ်လိုက်သည့် လက်နက်ကြီများမှာ ပုဏ္ဏားကျွန်းမြို့ပေါ် စံပြရပ်ကွက်တွင် ကျရောက်ပေါက်ကွဲ ခဲ့သောကြောင့် ဘုန်းတော်ကြီးတစ်ကျောင်းအပါအဝင် လူနေအိမ်တချို့ ပျက်စီးသွားကြောင်း စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

‎“ဒီနေ့ နေ့လည် ၁၁ နာရီလောက်မှာ ပုဏ္ဏားကျွန်းမြို့ပေါ်သို့ လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲခဲ့တာ ရှိတယ်။ စစ်တွေ အခြေစိုက် ခမရ (၃၄၄) အမြောက်တပ်ရင်းတွေဆီက ပစ်ခတ်လိုက်တာပါ။ နေအိမ် ၂ ဆောင်နဲ့ ဘာသာရေးကျောင်း ၁ ဆောင် ပျက်စီသွားတယ်” ဟု ဆိုသည်။

‎ပုဏ္ဏားကျွန်းမြို့သည် အာရက္ခတပ်တော် ထိန်းချုပ်မြို့ဖြစ်သော်လည်း စကမ၏ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်ကြောင့် ပြည်သူများနေထိုင်ခွင့်ကို အာရက္ခတပ်တော်က ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။

‎လူသူနေထိုင်ခြင်းမရှိသည့် မြို့ပေါ်သို့ စကမ မှ လက်နက်ကြီး ပစ်ခတ်မှုမှာ ပြည်သူများ နေထိုင်သည့် အဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးခြင်းသာ ဖြစ်သည်ဟု စစ်ရှောင်နေသည့် မြို့ခံတစ်ဦးက ပြောသည်။

‎“စကမရဲ့ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်နေထိုင်ခွင့်ကို အာရက္ခတပ်တော်က ကန့်ကတ်ထားတာရှိတယ်။ အခုလို ပစ်ခတ်တာက ဘာသာရေးအဆောက်အဦးတွေနဲ့ ပြည်သူတွေ နေထိုင်တဲ့ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာ ဖြစ်တယ်။ ပြည်သူတွေ မနေရဲအောင် အကြမ်းဖက်တာလို့ပဲ မြင်တယ်” ဟု ၎င်းက ဆိုသည်။

‎ရှမ်းမြောက်တွင် အပစ်ရပ်ထားသည့် စကမ သည် ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များမှ လူစုလူဝေးရှိသည့် နေရာများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက်အဦးအပါအဝင် စစ်ရှောင်များ နေထိုင်သည့် နေရာများကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာကြောင်းတွေ့ရသည်။

‎စကမ သည် ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရက္ခိုင်မှ အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ် ၃ ခု လေကြောင်း နှင့် ရေကြောင်း အသုံးပြုကာတိုက်ခိုက်ခဲ့သည်။

‎ထိုတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၉ ဦးသေဆုံးပြီး ၂၂ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာရက္ခတပ်တော်မှ ယနေ့အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

‎အလားတူ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့ပေါ် နှင့် မြို့နယ်များကို စကမ က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူများထဲတွင် အသက်မပြည့်သည့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

‎ထို့အပြင် စကမ မှ ပြည်သူများနေထိုင်သည့် နေရာများအား အချိန်မရွေး ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ ရေကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကို အာရက္ခတပ်တော်မှ ပြင်းထန်စွာရှုတ်ချထားပြီး ပြည်သူများအနေဖြင့် ယခင်ထက်ပို၍ လုံခြုံရေးသတိရှိစေရန် တိုက်တွန်းပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ