AB News – ဒီဇင်ဘာ ၂၅၊ ၂၀၂၅
ရက္ခိုင်သမိုင်းတွင် ပြည်ပရန်သူများ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခဲ့ရပြီး နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည့် မြောက်ဦးခေတ် ရှေးဟောင်းသမိုင်းဝင် “ယတြာခေါင်းလောင်း” အား ပြန်လည်တူးဖော်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယတြာခေါင်းလောင်းသည် မြောက်ဦးခေတ် ရက္ခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်တွင် သွန်းလုပ်ခဲ့သည့် ရက္ခိုင်ပြည်စောင့်ခေါင်းလောင်းဖြစ်ပြီး အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနှင့် ဂိုင်းလုံးပတ် ၂၄ စင်တီမီတာရှိသော သမိုင်းဝင် ကြေးသွန်းခေါင်းလောင်းကြီး ဖြစ်သည်။
ယင်းခေါင်းလောင်းပေါ်တွင် ပါဠိ၊ သက္ကတ နှင့် ရက္ခဝဏ္ဏ ဘာသာစကား ၃ မျိုးဖြင့် ရေးထိုးထားကာ အင်း၊ အိုင်၊ ခါးလှည့် သုံးမျိုး ပါဝင်သည်။
ဤယတြာခေါင်းလောင်းကို တစ်ချက်တီးလိုက်လျှင် “အရှေ့ပြည် ၃ ခါပြိုသည်” ဟု သမိုင်းမှတ်တမ်းများအရ သိရှိရသဖြင့် မြန်မာဘုရင်များ အဆက်ဆက် အထူးထိတ်လန့်ခဲ့ကြရသည့် ခေါင်းလောင်းလည်း ဖြစ်ကြောင်း သိရှိရသည်။
ယခုပြန်လည်တွေ့ရှိရခြင်းမှာ အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်က ၎င်းလျှို့ဝှက်ထိန်းသိမ်းထားသည့် နေရာအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ တင်ပြခဲ့၍ တာဝန်ရှိသူများက သွားရောက်တူးဖော်ရာ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် မြောက်ဦးမြို့ မဟာမုနိဘုရားကုန်းတော်၌ ပြန်လည်တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။
ဦးထွန်းအောင်သည် အသက် ၂၅ နှစ်အရွယ် (အလံနီပါတီခေတ်) ကတည်းက ၎င်း၏ ဖခင်နှင့် ဆွေမျိုးသားချင်းများနှင့်အတူ ဤခေါင်းလောင်းတော်ကြီးအား ရန်သူ့လက်သို့ မကျရောက်စေရန် မဟာမုနိကုန်းတော်၌ မြှုပ်နှံဝှက်ထားခဲ့ခြင်း ဖြစ်သည်။
ဖဆပလခေတ်တွင် ဤခေါင်းလောင်းနေရာကို ပြောလျှင် တိုက်တစ်လုံး၊ ကားတစ်စီး ပေးမည်ဟု ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း ၎င်းမှာ ဖွင့်မပြောခဲ့ကြောင်းနှင့် ပါတီကောင်စီခေတ်နှင့် စစ်တပ်ထောက်လှမ်းရေးခေတ်များတွင်လည်း ဖိအားပေး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုအခါ ၎င်းမှာ အသက်ကြီးရင့်လာပြီဖြစ်သကဲ့သို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအပေါ် ယုံကြည်စိတ်ချရမှုရှိခြင်းကြောင့် ရက္ခိုင်ပြည်၏ အဖိုးတန်အမွေအနှစ်အား လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ယတြာခေါင်းလောင်းအား ဖော်ထုတ်ပေးခဲ့သည့်အတွက် အာရက္ခပြည်သူ့အစိုးရမှ ဦးထွန်းအောင်အား ကျပ်ငွေ သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၎င်းက ထိုငွေများအား မဟာမုနိဘုန်းကြီးကျောင်းဆောင်အတွက် ပြန်လည်လှူဒါန်းသွားမည်ဟု ဆိုထားသည်။
အဆိုပါ ခေါင်းလောင်းသည် ရက္ခိုင့်သမိုင်းတွင် ပျောက်ဆုံးနေသော နာမည်ကျော် ယတြာခေါင်းလောင်းဖြစ်ကြောင်း ရက္ခိုင်ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက အတည်ပြုထားသည်။
ဆွစ်ဇာလန်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ အီမာနျူရယ် ဖော်ခမ်းမား (Dr. Emmanuel Forchhammer) ကလည်း ယင်းခေါင်းလောင်းသည် မဟာမုနိကုန်းတော်တွင် ရှိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ မှတ်တမ်းတင်ခဲ့ဖူးသည်။
အဆိုပါ ယတြာခေါင်းလောင်းတော်ကြီး၏ ထူးခြားချက်မှာ အင်းကွက်ကြီး ၈ ကွက် ပါရှိခြင်းဖြစ်ပြီး မြေ (ပထဝီ)၊ ရေ (အာပေါ)၊ မီး (တေဇော)၊ လေ (ဝါယော) ဟူသော ဓာတ်ကြီး ၄ ပါးကို အတိုက်တစ်ကွက်၊ အခံတစ်ကွက် စီမံထားခြင်းဖြစ်ကြောင်း အင်းဆရာကြီးကျွန်းဒေါင်း၏ မှတ်တမ်းများအရ သိရသည်။ ၎င်းအင်းတော်များဖြင့် ကျူးကျော်လာသည့် ရန်သူများကို ရေ၊ မြေ၊ မီး၊ လေ ဘေးအန္တရာယ်များဖြင့် တိုက်ခိုက်ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။
ထို့အပြင် အင်းကွက်ကြီးများ၏ အောက်တွင် အင်းကွက်ငယ် ၃၀ ကို ပတ်လည်ရေးသွင်းထားကာ ယင်းအင်းကွက်ငယ်များမှာ ထိုခေတ်ကာလက ရက္ခိုင်ပြည်၏ ပြိုင်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ယိုးဒယား၊ ဘရင်ဂျီ၊ မုတ္တမ၊ ပဲခူး၊ မွန်၊ သံလျင်၊ ပြည်၊ တောင်ငူ၊ ပုဂံ၊ အင်းဝ၊ ရှမ်း နှင့် သက် စသည့် တိုင်းပြည်ပေါင်း ၃၀ ကို ဦးတည်စီမံထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
Photo – APM၊ Dr. Emmanuel Forchhammer
