AB News – ဇန်နဝါရီ ၂၈၊ ၂၀၂၆
ရက္ခိုင်ပြည် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် ARSA, RSO, ARA နှင့် RIM စသည့် အစ္စလာမ်မစ် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့များသည် အာရက္ခတပ်တော် AA ၏ ရှေ့တန်းစခန်းများကို နေ့စဉ်ရက်ဆက် လာရောက်နှောင့်ယှက် တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲများ အရှိန်မြင့် တက်နေကြောင်း သိရသည်။
အကြမ်းဖက် အဖွဲ့သည် နယ်စပ်မျဉ်းကို အကာအကွယ်ယူကာ စိမ့်ဝင်လှုပ်ရှားနေပြီး ဒေသခံပြည်သူများအပေါ်တွင်လည်း ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေကြောင်း AB News ၏ ကွင်းဆင်း စုံစမ်းချက်များအရ သိရသည်။
အဆိုပါ အကြမ်းဖက်အဖွဲ့ဝင်များသည် မောင်တောမြို့ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ရက္ခိုင်ဘက်သို့ စိမ့်ဝင်လှုပ်ရှားလာကြခြင်းဖြစ်သည်။
၎င်းတို့သည် AA တပ်စခန်းများကို ခြံခိုတိုက်ခိုက်ခြင်းနှင့် ချောင်းမြောင်းပစ်ခတ်ခြင်းများကို ပြုလုပ်လေ့ရှိပြီး၊ AA ဘက်မှ ပြန်လည်ခုခံတိုက်ခိုက်စဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ချက်ချင်းဖြတ်ကျော်ဝင်ရောက်ကာ တိမ်းရှောင်သည့်နည်းလမ်းကို ကျင့်သုံးနေကြသည်။
လက်ရှိတွင် ကျီးကန်းပြင်၊ ဝေလာတောင်၊ ကြိမ်ချောင်း၊ ဖားဝပ်ချောင်း၊ တောင်ပြို၊ နံ့သာတောင်နှင့် လိပ်ရ လမ်းများကဲ့သို့သော တောတောင်ထူထပ်သည့် ဒေသများတွင် AA နှင့် အကြမ်းဖက်အဖွဲ့များအကြား ထိပ်တိုက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်။
အကြမ်းဖက် အဖွဲ့များသည် စစ်ရေးအရ နှောင့်ယှက်မှုများသာမက မေယုတောင်တန်းတစ်လျှောက်နှင့် နယ်စပ်အနီးရှိ ကျေးရွာများမှ အရပ်သားပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ်နေကြောင်း ဒေသခံများက ဆိုသည်။
၎င်းတို့အား မထောက်ခံသူများကို ဖမ်းဆီးသတ်ဖြတ်ကာ အကြောက်တရားဖြင့် အုပ်ချုပ်ရန် ကြိုးပမ်းခြင်း၊ ဒေသခံလုပ်ငန်းရှင်များနှင့် ပြည်သူများကို ပြန်ပေးဆွဲ၍ ငွေကြေးအမြောက်အမြား တောင်းခံခြင်း၊ ငွေမပေးနိုင်ပါက ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ တောတောင်နှင့် လယ်ယာလုပ်ငန်းခွင်အတွင်းရှိ အရပ်သားများကို ခြုံခိုပစ်ခတ်ခြင်းနှင့် အတင်းအဓမ္မ ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခြင်းများကျူးလွန်လျက် ရှိကြောင်း တွေ့ရသည်။
မောင်တောမှ မိုင် ၂၀ ခန့်ဝေးသည့် ကြိမ်ချောင်းသို့ သွားရာလမ်းတစ်လျှောက်တွင် အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် ဒေသခံပြည်သူများသည် မောင်တောမှ ကြိမ်ချောင်း၊ တောင်ပြို၊ ဘူးသီးတောင်၊ ရသေ့တောင် နှင့် ပုဏ္ဏားကျွန်းဘက်သို့ ဈေးဝယ်ရန် မသွားဝံ့ကြတော့ဘဲ အနီးအနားရှိ ဆိုင်များမှသာ ဝယ်ယူစားသောက်နေကြရသည်။
နယ်စပ်အနီး နေထိုင်သည့် ဒေသခံရွာသားတစ်ဦးက “ကျနော်တို့မှာ တောထဲတောင်ထဲလည်း မသွားရဲတော့ဘူး။ ARSA က လူကိုဖမ်းသွားပြီး သိန်းရာချီ တောင်းတယ်။ ငွေမပေးနိုင်ရင် သတ်ပစ်တာ။ AA က လိုက်တိုက်ရင် သူတို့က ဟိုဘက်နိုင်ငံထဲ ပြေးဝင်သွားရော။ သူတို့က နယ်စပ်ကို အကာအကွယ်လုပ်ပြီး ကျနော်တို့ကို ဒုက္ခပေးနေတာ” ဟု ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း “ဒီအဖွဲ့တွေရဲ့ လုပ်ရပ်ဟာ စစ်ရေးထက် နယ်စပ်ဒေသ မတည်ငြိမ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှု သက်သက်ပဲ ဖြစ်ပါတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို Safe Zone အဖြစ် အသုံးချပြီး AA ကို ရန်စနေတာပါ။ ဒါဟာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေကို ချိုးဖောက်နေတာ ဖြစ်သလို၊ ဒေသတွင်းက လူမျိုးစုအချင်းချင်း ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတာလည်း ဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။
လက်ရှိတွင် အာရက္ခတပ်တော် AA သည် ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးအတွက် ARSA အပါအဝင် အကြမ်းဖက်အဖွဲ့များ ခြေကုတ်ယူထားသည့် စခန်းများကို လိုက်လံပိတ်ဆို့ ရှာဖွေကာ အပြတ်အသတ် ချေမှုန်းလျက်ရှိသည်။
သို့သော်လည်း အကြမ်းဖက် အဖွဲ့ဝင်များက နယ်စပ်မျဉ်းကို အခွင့်ကောင်းယူပြီး ကူးလူးသွားလာနေမှုမှာ နယ်စပ်တည်ငြိမ်ရေးအတွက် အဓိကစိန်ခေါ်မှု ဖြစ်နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ယခုလ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကျီးကျွန်း တွင် AA တပ်စခန်းတစ်ခုကို ARSA အဖွဲ့က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ စတင်ပစ်ခတ်ရာမှ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း AA ၏ ပြန်လည်ခုခံမှုကြောင့် ARSA အဖွဲ့ဝင်များသည် နတ်မြစ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးခဲ့ကြသည်။
၂ ဖက်တိုက်ပွဲအတွင်း ကျည်ဆံထိမှန်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ် (Teknaf) မြို့နယ်ရှိ ကျောင်းသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ARSA, ARA နှင့် RIM အဖွဲ့ဝင် စုစုပေါင်း ၅၇ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
၎င်းတို့အနက်မှ အပြစ်မဲ့သူအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရှိသည့် လက်နက်ကိုင် အဖွဲ့ဝင် ၅၂ ဦးကို “၁၉၄၇ ခုနှစ် တရားမဝင် ဝင်ရောက်မှု အက်ဥပဒေ” ဖြင့် တက္ကနာ့ဖ်ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။
လက်ရှိတွင် အာရက္ခတပ်တော် AA အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့များအား ထိုးစစ်ဆင်မှုများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။


