AB News- အောက်တိုဘာ ၃၁၊ ၂၀၂၅
ဒေဝီ
စစ်ရှုံး အကြမ်းဖက် စစ်ကော်မရှင်၏ အာရက္ခပြည်သူလူထုများအပေါ် လေကြောင်းမှ သူရဲဘောကြောင်စွာ ဗုံးကြဲတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ULA/AA က ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
ရှမ်းမြောက်ဒေသ၌ ပြုလုပ်နေသော စစ်ကော်မရှင်၏ ထိုးစစ်များသည် အပစ်ခတ်ရပ်စဲမှုပြုလုပ်ပြီးချိန်တွင် ၎င်းတို့၏ စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားခြင်းကို အခွင့်ကောင်းယူကာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များရှိသော နေရာများသို့သာမက အာရက္ခပြည်သူလူထုတို့အား အဓိက ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို ယမန်နေ့မှစ၍ အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့ တစ်နေ့တည်းတွင်ပင် စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့ နှင့် ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေရွာမှ ပြည်သူများရှိရာ နေရာများသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် သူရဲဘောကြောင်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများထဲမှ သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၂ ဦးထိရှိခဲ့သည်။
ထို့အပြင် ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်၊ နံနက် ၁၁ နာရီခွဲခန့် အချိန်တွင်လည်း စစ်ရှုံး စစ်ကော်မရှင်တပ်မှ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများထဲမှ ၁၀ဦးမှာလည်း ပြင်းထန်ဒဏ်ရာဖြင့် စိုးရိမ်ရသော အခြေအနေတွင်ရှိသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) သည် မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ အလုံးစုံ အပြည့်အဝ အကောင်အထည်ပေါ်စေရန်အတွက် အာရက္ခပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲပြီး အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်း အတိအလင့် ထုတ်ပြန်ထားသည်။
လက်ရှိအချိန်သည် အကြမ်းဖက် စစ်ကော်မရှင်အနေဖြင့် ရက္ခိုင်တစ်ပြည်လုံးနီးပါးအား လက်လွှတ်ဆုံးရှုံးရန် လက်ကမ်းသို့ရောက်ရှိနေသော အချိန်ဖြစ်သည့် တစ်ပြိုင်နက် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့သည် ရက္ခိုင်ရိုးမနှင့် နယ်မြေချင်း ထိစပ်လျက်ရှိသော ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း အစရှိသော နေရာများအပြင် အာရက္ခတပ်တော်၏ စစ်ရေးလှုပ်ရှားနေသော နေရာအချို့၌ပါ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်သည် ရှမ်းမြောက်ဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌ ကျင့်သုံးခဲ့သည့် စစ်ရေးနှင့်မသက်ဆိုင်သော ပြည်သူများနေထိုင်ရာ မြို့ရွာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေထူထပ်သောနေရာများကို ဗုံးကြဲခဲ့သည့်အတိုင်း ရက္ခိုင်ပြည်တွင် ပြုလုပ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ယနေ့မှစ၍ ပိုမိုသတိထားကြရန်နှင့် စစ်ရေးသတိ အပြည့်အဝ နေ့၊ ည အချိန်မရွေးရှိကြရန်လည်း သတိပေးထုတ်ပြန်ထားသည်။



