AB News – ဇန်နဝါရီ ၂၁၊ ၂၀၂၆
အောင်စိုး
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီး စစ်သုံ့ပန်းများ နေထိုင်သည့်နေရာကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးပြီး ၃၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News ၏ ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၇ နာရီကျော်အချိန်တွင် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာနှစ်စီးဖြင့် ပေါင်း ၃၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကော်မရှင်ကြဲချခဲ့သည့် ဗုံးသီးများမှာ စစ်သုံ့ပန်းများနေသည့် နေရာ၊ နားနေဆောင်များ နှင့် ဆေးကုသဆောင်များအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း စစ်သုံ့ပန်းများက ပြောသည်။
“မနေ့ ညနေ ၇ နာရီကျော် ၈ နာရီဝန်းကျင်လောက်မှာလာပြီး ဗုံးကြဲခဲ့တာပါ။ လေယာဥ်သံကို ကြားလိုက်တာနဲ့ ဗုံးကြဲချသွားပါပြီ။ ပထမတစ်ခေါက် ဗုံး ၂ လုံးချတယ်။ ၁၀ မိနစ်ကြာတော့ နောက်တစ်ခေါက် ၂ လုံး လာချသွားတယ်” ဟု သေဆုံးသွားသည့် စစ်သုံ့ပန်းမိသားစုဝင်တစ်ဦးက ပြောသည်။
သေဆုံးသွားသည့် စစ်သုံ့ပန်းမိသားစုဝင်များတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များလည်း ပါဝင်ကြောင်း သိရသည်။
ထိုသို့ စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်ရှိနေသေးသည့် စစ်သုံ့ပန်းများမှာ ဗုံးထပ်မံကြဲလာမည်ကို စိုးရိမ်ကြောက်ရွံ့နေရကြောင်း အခြားစစ်သုံ့ပန်းမိသားစုဝင် တစ်ဦးက ထပ်လောင်း ပြောသည်။
“ခုလို အာရက္ခတပ်တော်က လွမ်းငြိမ်းခွင့်ပေးတော့မဲ့အချိန်မှာ ဗုံးကြဲလာတာကို တော်တော်ကြေကွဲရပါတယ်။ ဝေးကွာနေရတဲ့ မိသားစုတွေနဲ့ တွေ့ရတော့မှာမို့ အားလုံးပျော်နေကြတာပါ။ ကျမတို့အပေါ် ဒီလိုလုပ်လိမ့်မေလို့ တစ်ခါမှ မထင်ခဲ့ပါဘူး။ ဒီလိုလုပ်ရပ်အတွက်လည်း ကျမတို့ ဘယ်တော့မှ မကြေဘူး။ ကျမတို့ မိသားစု သေကွဲ ကွဲရသလို သူတို့တွေလည်း ကွဲရပါစေ” ဟု ဆိုသည်။
စစ်ကော်မရှင်ဗုံးကြဲခဲ့သည့် နေရာမှာ မြို့သိမ်းတိုက်ပွဲအတွင်း ကျောက်တော်-ပုဏ္ဏားကျွန်းအစပ် အမြောက်တပ် ၃၇၇ နှင့် ခမရ ၅၃၉ တပ်ရင်းများမှ ဖမ်းဆီးရမိသည့် သုံ့ပန်းများကို ထိန်းသိမ်းထားသည့် နေရာတစ်ရာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့၊ ည ၄ နာရီအချိန်ခန့်ကလည်း မြောက်ဦးမြို့နယ်ရှိ စစ်သုံးပန်းများနေထိုင်ရာနေရာတစ်ခုကို စစ်ကော်မရှင်လေတပ်မှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်သုံးပန်းများနှင့် မိသားစုဝင် ၂၈ ဦးသေဆုံးခဲ့ပြီး၊ ၂၇ ဦး ထိခိုက်ဒဏ်ရရာရရှိခဲ့သည်။
အလားတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ကလည်း အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် မောင်တောမြို့ နယ်ခြားစောင့်စခန်း နခခ ၂ ကို ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်သုံးပန်းများအပါအဝင် သေဆုံးသူ (၆၀) ကျော်နှင့် ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာအနီးက စစ်သုံးပန်းများထားရှိသည့်နေရာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် (၁၇) ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ရက္ခိုင်တွင် စစ်ကော်မရှင်က စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူများ နေထိုင်ရာနေရာများနှင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် သုံ့ပန်းများ နေထိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်နေမှုများကြောင့် ဒေသခံပြည်သူများနှင့် စစ်သုံ့ပန်းမိသားစုဝင်များ ထိခိုက်သေဆုံးမှု မြှင့်တက်လျက်ရှိကြောင်း သိရ သည်။








