
AB News – မတ် ၉၊ ၂၀၂၆
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃၀ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့တွင် စကမ မှ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူ ၁၆၀ ဦးခန့်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် KNU နှင့် တိုက်ပွဲဖြစ်ပွားချိန်တွင် ထိုကျေးရွာအုပ်စုအတွင်း ဒရုန်းအပြင် ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ဖမ်းဆီးခံထားရသူများထဲမှ ဒေသခံ ၂၅ ဦးထိခိုက်သေဆုံးခဲ့သကဲ့သို့ ၅ ဦးကို ၎င်းတို့သတ်ဖြတ်ခဲ့ကြောင်း KNU က ပြောသည်။
ကျောက်ကြီးကျေးရွာအုပ်စုအတွင်း ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် စကမ တပ်ရင်းများမှာ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းတို့ ဖြစ်ကြောင်း ဆိုသည်။
ထိုထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ အသေးစိပ်အချက်အလက်များကို KNU မှစုံစမ်းစစ်ဆေးနေပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဟု ဆိုသည်။
စကမသည် နိုင်ငံအနှံ့တွင် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများရှိရာနေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲနောက်ပိုင်းကာလများတွင်လည်း နိုင်ငံအနှံ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများ လုပ်ဆောင်နေကြောင်း KUN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ပဲခူးတိုင်း #ကျောက်ကြီး #စစ်ကော်မရှင် #ဖမ်းဆီးမှု #တိုက်ခိုက်မှု #ပြည်သူ # သေဆုံးမှု