သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည့် အာရက္ခပြည်မြောက်ပိုင်းမှ မူဆလင်စစ်သွေးကြွများ

ရေးသားသူ – မိုးကြိုး

ဘာသာပြန် – ကျော်ဇံ

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီ ဦးဆောင်သည့် မူဆလင်အချို့ အာရက္ခတပ်တော် (AA) အား ဆန့်ကျင်၍ ဆန္ဒပြမှု တစ်ရပ် ကျင်းပခဲ့သည်ကိုတွေ့ရစဥ်။ (အရင်းအမြစ် – CJ)

အာရက္ခဒေသအများစုနှင့် ချင်းပြည်တောင်ပိုင်းရှိဒေသများကို စစ်ကောင်စီလက်ထဲမှ လွတ်မြောက်အောင် ကြိုးပမ်းကာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်တို့ အောင်ပွဲအလီလီခူးဆွတ်နေကြချိန်တွင် အာရက္ခဒေသမြောက်ပိုင်းတွင် လှုပ်ရှားနေကြသည့် မူဆလင်အကြမ်းဖက်များ၏ တစတစတိုးပွားလာသည့် အန္တရာယ်ကိုလည်း ရင်ဆိုင်နေရသည်။

အာရက္ခတပ်တော်၏ အဓိက ရည်ရွယ်ချက်မှာ စစ်ကောင်စီကို အင်တိုက်အားတိုက် ထိုးစစ်ဆင်တိုက်ထုတ်ရန်ဖြစ်ပြီး စစ်သွေးကြွအဖွဲ့များကို မူလက ဦးစားပေး တိုက်ခိုက်ရန် မရည်ရွယ်ခဲ့ပေ။ ARSA ၊ RSO ၊ ARA စသော စစ်သွေးကြွအဖွဲ့များသည် အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်တွင် ရောက်လာနေပြီဖြစ်သော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၏ ဒေသများတွင် စစ်ကောင်စီနှင့်ပူးပေါင်းကာ အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မဟာမိတ်ပြုခဲ့ကြသည်။

မူဆလင်စစ်သွေးကြွများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသရှိ နယ်မြေများနှင့် မူဆလင် ဒုက္ခသည်စခန်းများတို့တွင် အင်အားအခိုင်အမာစုဆောင်းထားကြသည်။ ဒုက္ခသည်စခန်းများတွင်  မူဆလင်ဒုက္ခသည်များအပေါ် ငွေညှစ်ခြင်း၊ သတ်ပုတ်ရိုက်နှက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း အပြင် တခြားသော အကြမ်းဖက်လုပ်ရပ်များနှင့် ရာဇဝတ်ချိုးဖောက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြသည်။

မူဆလင်အကြမ်းဖက်များမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးခြင်းတို့တွင်လည်း ပါဝင်ပတ်သတ်နေကြသည်။ သို့ရာတွင် ဤမူဆလင်အကြမ်းဖက်များမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ် (BA)၊ ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့ (BAPB)၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)၊  ဘင်္ဂလားဒေ့ရှ် ဗဟိုထောက်လှမ်းရေးအဖွဲ့ (BDGFI) နှင့် တခြားသော စစ်တကောင်းဒေသရှိ ဒေသတွင်း အာဏာပိုင်များတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် တိုးတိုးတိတ်တိတ် ထောက်ခံပေးကြသော လူပုဂ္ဂိုလ်တချို့ထံမှ နားလည်မှုများ ရနေကြသည်။

မူဆလင်စစ်သွေးကြွအုပ်စုများသည် ပြည်ပရောက်မူဆလင်အဖွဲ့အစည်းများမှ ငွေကြေးနှင့် နိုင်ငံရေးနောက်ခံကို ရယူကြပြီး၊ ၄င်းမူဆလင်အဖွဲ့အစည်းများမှာ ငွေကြေးထောက်ပံ့ခြင်းအပြင် အာရက္ခတပ်တော်က လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲပြောဆိုကာ နိုင်ငံတကာ သတင်းမီဒီယာများမှ တဆင့် အစီရင်ခံတင်ပြခြင်းတို့ကို လုပ်ဆောင်ကြသည်။ သို့ရာတွင် အာရက္ခဒေသမြောက်ပိုင်းနှင့် မူဆလင်ဒုက္ခသည်စခန်းများတွင် မူဆလင်စစ်သွေးကြွများမှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်  ရာဇဝတ်မှုလုပ်ရပ်များကို လျစ်လျူရှုထားကြသည်။

၂၀၁၇ ခုနှစ်တွင် စစ်ကောင်စီကျူးလွန်ခဲ့သည့် လုပ်ရပ်များကို ဤပြည်ပရောက် မူဆလင်အဖွဲ့အစည်းများမှ ရှုတ်ချခဲ့ကြသော်လည်း စစ်ကောင်စီနှင့်ပူးပေါင်းသည့် မူဆလင်အကြမ်းဖက်များကို အလားတူ ရှုတ်ချကန့်ကွက်သည့် အတိုင်းအတာကို မပြုလုပ်ကြပေ။ အကြမ်းဖက် မူဆလင်များပူးပေါင်းခဲ့သော စစ်တပ်သည် လူသတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ အိုးအိမ်၊ လယ်ယာများနှင့် ကျွဲနွားတိရစ္တာန်များကို ဖျက်ဆီးခြင်းစသော အလွန်ဆိုးရွားသည့် အကြမ်းဖက်လုပ်ရပ်များအပြင် သိန်းချီသည့် မူဆလင်များကို ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးစေကာ မူဆလင်များကို လူမျိုးတုန်းသတ်ဖြတ်ခြင်ကို ကျူးလွန်ခဲ့သည့် စစ်တပ်ပင်ဖြစ်သည်။

ဤကဲ့သို့ထွက်ပြေးခဲ့ရသည့် မူဆလင်များမှာ အလွန်ပင် လူဦးရေထူထပ်သည့် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရပြီး ဘင်္ဂလားဒေ့ရှ့် ပြည်သူလူထုမှလည်း လိုလိုလားလား မရှိသည့်အပြင် မူဆလင် အစွန်းရောက်များနှင့် ဒေသအာဏာပိုင်များထံတွင် ဖိနှိပ်ခြင်းကို ခံကြရသည်။ သူတို့ မူဆလင်များ “နိုင်ငံတော်ကျောထောက်နောက်ခံဖြင့် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နှင်းခံရခြင်း၏ သားကောင်များ” ဖြစ်နေချိန်တွင် စစ်ကောင်စီနှင့် မူဆလင်အစွန်းရောက်များ ပူးပေါင်းခြင်းက အဘယ်ကြောင့် သူတို့ ဤစစ်တပ်နှင့် ပူးပေါင်းရန်ရွေးချယ်ရသနည်း ဆိုသည့် မေးခွန်းများပေါ်ပေါက်လာစေခဲ့သည်။

သမိုင်းအစဥ်အလာအားဖြင့် မူဆလင်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ကြပြီး နိုင်ငံရေးနှင့် ဘာသာရေး ခေါင်းဆောင်မှုအောက်တွင် တချို့အဖွဲ့များက ရက္ခိုင်ဒေသ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် မြန်မာနိုင်ငံတွင် သီးခြားကိုယ်ပိုင် ပြည်နယ်တစ်ခုဖန်တီးရန် ရည်ရွယ်ခဲ့ကြသည်။ အသစ်ဖွဲ့စည်းထားခဲ့သည့် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ကို ပူးပေါင်းရန် တောင်းဆိုမှုကို ပါကစ္စတန်၏ တည်ထောင်သူ သမ္မတဖြစ်လာမည့် မူဟာမတ် အလီ ဂျင်နာက ငြင်းပယ်ခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်၊ မြန်မာပြည်လွပ်လပ်ရေးရပြီးအချိန်ကပင် ဤရည်မှန်းချက်ကို ထားရှိလာခြင်းဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် ဗမာပြည်အစိုးရသည် ဗမာစစ်တပ်က အုပ်ချုပ်သည့် မေယုဒေသအုပ်ချုပ်ရေးအဖွဲ့ (the Mayu Frontier Administration-MFA) ကိုဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ဗမာစစ်အစိုးရမှ မေယုဒေသအုပ်ချုပ်ရေးအဖွဲ့သည် မူဆလင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းရင်းသား မျိုးနွယ်စုတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုမည်ကို စိုးရိမ်သဖြင့် ၁၉၆၃ ခုနှစ်တွင် ယင်းအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။​ မူဆလင်များမှာ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံရေးလွပ်လပ်ခွင့်၊ နိုင်ငံသားအခွင့်အရေးနှင့် မြေယာပိုင်ဆိုင်ခွင့်တို့ကို တောက်လျှောက်တောင်းဆိုမှုများရှိခဲ့သည်။​

ဤသမိုင်းနောက်ခံကို ကြည့်ပါက အာရက္ခတပ်တော်ကို တိုက်ခိုက်ရာတွင် ကူညီပေးသည့်အနေဖြင့် အထူးဒေသ (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုကိုဖန်တီးပေးရန် မြန်မာစစ်တပ်သည် မူဆလင်စစ်သွေးကြွများနှင့် သဘောတူနားလည်မှုတစ်ရပ်ထားရှိနိုင်သည့် ဖြစ်နိုင်ခြေရှိသည်။ မြန်မာနိုင်ငံတွင် အမျိုးမျိုးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို နယ်မြေထိန်းချုပ်ခွင့်ကဲ့သို့ လုပ်ပိုင်ခွင့်တချို့ပေးကာ ခွဲခြားအုပ်ချုပ်သည့် နည်းနာများကို နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သဖြင့် ဤချဥ်းကပ်မှုမှာ ယခုမှ ပေါ်ပေါက်လာခြင်းမဟုတ်ပေ။

မြန်မာစစ်တပ်အနေဖြင့်  အာရက္ခတပ်တော်၏ အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် မူဆလင်စစ်သွေးကြွများနှင့် အလားတူ တရားဝင်မဟုတ်သည့် သဘောတူညီချက်တစ်ရပ်ထားရှိခြင်းက အထောက်အကူပြုနိုင်သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်စစ်တပ်သည်လည်း လွပ်လပ်သည့် ရက္ခိုင်နိုင်ငံတော်ကြီး ဖန်တီးလာနိုင်ခြင်းမှ မည်သည့် အကျိုးဆက်များကိုမဆို ကိုင်တွယ်နိုင်ရန်နှင့် ရက္ခိုင်ပြည်တွင် မူဆလင်ဒုက္ခသည်များအတွက် စစ်မက်ကင်းမဲ့ဇုန်တစ်ခုဖန်တီးရန် အဆိုပါ သဘောတူညီချက်ကို သဘောတူထောက်ခံသည်မှာ ထင်ရှားသည်။  

ဤနားလည်မှုသည်လည်း မူဆလင်လူမျိုးကို အသိအမှတ်ပြုကာ ရက္ခိုင်ပြည်တွင် နယ်မြေပိုင်နက်နှင့် နိုင်ငံရေးအရ ကိုယ်ပိုင်လွပ်လပ်သည့် ဒေသပုံစံဖန်တီးရန် ကြိုးပမ်းနေကြသည့် မူဆလင်အကြမ်းဖက်များနှင့် ဆက်နွယ်နေသည့် ပြည်ပရောက် မူဆလင်အဖွဲ့အစည်းတချို့၏ အကျိုးစီးပွားများနှင့် ဆက်နွယ်နေနိုင်သည်။

နိုဝင်ဘာလ အစောပိုင်းတွင် ARSA ၊ RSO ၊ ARA နှင့် တခြားသော မူဆလင် မဟာဇ့် အုပ်စုလေးဖွဲ့တို့မှ ကိုယ်စားလှယ်တို့သည် ဘင်္ဂလားဒေရှ်နိုင်ငံ ဘန်ဒါဘန်ခရိုင်အတွင်း အစည်းအဝေးတစ်ခုပြုကျင်းပခဲ့သည်ဆိုသော သတင်းများထွက်ခဲ့သည်။​ အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ရက္ခိုင်ပြည်မြောက်ပိုင်းတွင် သူတို့၏ စစ်ဆင်ရေးများနှင့် အန္တိမ ရည်မှန်းချက်များပြည့်လာစေရန် စုစည်းညီညွတ်သည့် ချည်းကပ်မှုကို အားလုံးသဘောတူညီရေးပင်ဖြစ်သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ် ဗဟိုထောက်လှမ်းရေးအဖွဲ့ကိုလည်း RSO နှင့် အစည်းအဝေးပြုလုပ်ရာတွင် ပါဝင်ရန် ပြောကြားခဲ့သည်။ ရက္ခိုင်ပြည်မြောက်ပိုင်းကို မတည်ငြိမ်အောင်လုပ်ကာ ဘင်္ဂလားဒေ့ရှ် ကျောထောက်နောက်ခံပေးထားသည့် ဒေသအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖန်တီးရန် ဘင်္ဂလားဒေ့ရှ်၏ ပါဝင်ပတ်သက်မှုနှင့် စစ်သွေးကြွများ အရှိန်မြှင့်လာခြင်းကို ဤအဖြစ်အပျက်များက ထင်ဟပ်ပြသနေပါသည်။ (ဤအဖြစ်အပျက်များသည် စစ်သွေးကြွများ အရှိန်တိုးမြှင့်လုပ်ဆောင်လာခြင်းကို ပြသနေပြီး ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရက္ခိုင်ပြည်မြောက်ပိုင်းကို ပိုပြီး မတည်ငြိမ်အောင်လုပ်ရန်ပါဝင်ပတ်သက်မှုများ ရှိနေပါသည်။ ထိုမှတဆင့် ဘင်္ဂလားဒေ့ရှ်လက်အောက်ခံအဖြစ် ဘင်္ဂလားဒေ့ရှ်နှင့်အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပုံစံအဖြစ် ဦးတည်းသွားနိုင်သည်။ ဤအချက်မှာ ရှမ်းမြောက်တွင် အခြေစိုက်သည့် အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သြဇာခံအဖြစ် တရုတ်နိုင်ငံ၏ လုပ်ရပ်များနှင့် အတူတူပင်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်လုံခြုံရေး ကဏ္ဍတွင် ပါဝင်နေသူများ ထောက်ပံ့ပေးသည်ဟု ယူဆရသည့် ရက္ခိုင်ပြည်မြောက်ပိုင်းတွင် မူဆလင်စစ်သွေးကြွများ ပေါ်ပေါက်လာခြင်းသည် အာရက္ခတပ်တော်အတွက် ထူးခြားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး အာရက္ခတပ်တော်မှာ စစ်ကောင်စီကို ရင်ဆိုင်နေရသည့်အပြင် ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်သည့် မူဆလင်စစ်သွေးကြွအုပ်စုများမှ အန္တရာယ်ကိုလည်း ရင်ဆိုင်လာရခြင်းဖြစ်သည်။ ဤကဲ့သို့ ရှုပ်ထွေးပြီး ထိလွယ်ရှလွယ်အခြေအနေမျိုးတွင် မူဆလင်စစ်သွေးကြွတို့၏ အန္တရာယ်ကို ကိုင်တွယ်ရန် သံတမန်ရေး၊ နိုင်ငံရေးနှင့် စစ်ရေးရွေးချယ်မှုများကို သတိကြီးစွာထား၍ ထည့်သွင်းစဥ်းစားရမည်ဖြစ်ပြီး တဖက်တွင်လည်း စစ်ကောင်စီကို ချေမှုန်းမည့် မူလရည်မှန်းချက်ကို ဆက်လက်လုပ်ဆောင်နေရမည်ဖြစ်သည်။​ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် လုပ်ဆောင်နိုင်မည့် တုံ့ပြန်မှုတချို့တွင် အောက်ပါအချက်များ ပါဝင်သည်။

သံတမန်ရေးနှင့် နိုင်ငံရေး

၁။ မူဆလင်များ နေရပ်ပြန်လည်ပို့ဆောင်ရေးဆွေးနွေးချက်များတွင် ပါဝင်ရန် ငြင်းဆန်ခြင်း

ဘင်္ဂလားဒေ့ရှ်အစိုးရသည် သူတို့နိုင်ငံအတွင်း တည်ရှိသည့် ဒုက္ခသည်စခန်းများ၊ သင်တန်းပေးခြင်းများနှင့်  တခြား အခြေစိုက်နေရာများအတွင်းရှိနေကြသည့်  မူဆလင်စစ်သွေးကြွများကို သုတ်သင်ရှင်းလင်းမည့် အရေးယူဆောင်ရွက်မှုများ မလုပ်မချင်း ဤချဥ်းကပ်မှုတွင် ULA/AA အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မူဆလင်ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးချက်များတွင် ပါဝင်ရန်ငြင်းဆန်ရမည်ဖြစ်သည်။ ဤသို့ငြင်းဆန်ခြင်းဖြင့် စစ်သွေးကြွများကို တိုက်ထုတ်ရန် ဘင်္ဂလားဒေ့ရှ်အပေါ် နိုင်ငံတကာဖိအားများလည်း ကျရောက်လာစေနိုင်သည်။

၂။ ဘင်္ဂလားဒေ့ရှ်အပေါ် သံတမန်ဖိအားများကို အသုံးချခြင်း

ULA/AA အနေဖြင့် ဘင်္ဂလားဒေ့ရှ်ကို ၄င်းတို့၏ နယ်စပ်အတွင်းရှိနေကြသည့် မူဆလင်စစ်သွေးကြွများကို ကိုင်တွယ်ရန်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပုံစံအမျိုးမျိုးနှင့် ဤအကြမ်းဖက်အဖွဲ့များအား အထောက်အပံ့၊ အကူအညီများပေးအပ်ခြင်းကို ရပ်တန့်အောင် ဖိအားပေးရန် တရုတ်၊ အိန္ဒိယ နှင့် ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းအများမှ အကူအညီကို ရှာဖွေရမည်ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံအနေဖြင့် ဒေသအတွင်း တည်ငြိမ်မှုရှိစေရန် မဟာဗျူဟာကျသော အကျိုးစီးပွားများရှိနေပြီး ထိုကဲ့သို့လုပ်ဆောင်ရန် သံတမန်ရေးဆိုင်ရာ အထောက်အပံ့များ ပေးနိုင်သည့် အခြေအနေမျိုးတွင်ရှိသည်။

၃။ မူဆလင်စစ်သွေးကြွအုပ်စုများကို “ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်  သတ်မှတ်ခြင်း” နှင့်ဆက်စပ်၍

ဘင်္ဂလားဒေရှ့်နိုင်ငံတွင် အခြေစိုက်၍ အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်နေသော မူဆလင်စစ်သွေးကြွအဖွဲ့များကို နိုင်ငံတကာ အကြမ်းဖက်စာရင်းသွင်းနိုင်ရန်အတွက် ခိုင်မာလုံလောက်သည့် အချက်အလက်၊  အထောက်အထားများကို  ULA/AA မှ ပေးအပ်ရမည်။ ဤလုပ်ဆောင်ချက်ကြောင့် မူဆလင်စစ်သွေးကြွများနှင့် ပူးပေါင်းလုပ်ဆောင်နေကြသည့် ပြည်ပရောက် မူဆလင်အဖွဲ့အစည်းများကို သူတို့၏ ရန်ပုံငွေနှင့် တခြားသော အထောက်အပံ့များကို ပံ့ပိုးမှုကို ရပ်တန့်ရန် ဖိအားပေးနိုင်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့်လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှ ထုတ်ပြန်သည့် အစီရင်ခံစာများတွင် ဤလုပ်ဆောင်ချက်၏ အကျိုးသက်ရောက်မှုများကို တွေ့မြင်လာနိုင်မည်ဖြစ်သည်။

၄။ ULA/AA ကျူးလွန်သည်ဟု စွပ်စွဲထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ခြင်း

ULA/AA တပ်ဖွဲ့ဝင်များကျူးလွန်သည်ဟု စွပ်စွဲထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရန် သမာသမတ်ကျသည့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများကို ဖိတ်ကြားရမည်ဖြစ်သည်။ ဤစုံစမ်းဖော်ထုတ်မှုများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြသော မည်သည့် ULA/AA တပ်ဖွဲ့ဝင်များကို မဆို အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်ပရောက် မူဆလင်အဖွဲ့အစည်းအများ၏ မဟုတ်မမှန်ပြောကြားချက်များကို တိုက်ရိုက်တုံ့ပြန်ဖြေရှင်းနိုင်မည်ဖြစ်သည်။

၅။ ကုန်သွယ်မှုများလုပ်ဆောင်ရန် နယ်စပ်ကို ပိတ်သိမ်းခြင်း

မူဆလင်စစ်သွေးကြွများကို ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ကို ဖိအားပေးရန် စီးပွားရေးအရ အပြိုင်အဆိုင်တန်းတူရှိခြင်းကို အသုံးချနိုင်သည်။ သို့ရာတွင် နယ်စပ်နှစ်ဖက်စလုံး၌ ဒေသခံများ၏ စီးပွားရေးအပေါ် မကောင်းသည့် အကျိုးသက်ရောက်မှုများလည်း ရှိနိုင်ပါသည်။​

၆။ မူဆလင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတွင် တာဝန်ပေးခြင်း

အာရက္ခပြည်သူ့အစိုးရကဲ့သို့ ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးမူဘောင်အတွင်း မူဆလင်များကို ပါဝင်စေကာ တာဝန်များပေးအပ်ခြင်းကလည်း ရေရှည်အတွက် ဖြေရှင်းနည်းပင်ဖြစ်သည်။ ထိုသို့ပါဝင်ခြင်းဖြင့် မူဆလင်များအတွက် နိုင်ငံရေးအရ ကိုယ်စားပြုခွင့်များကို ရရှိစေပြီး လွပ်လပ်သော အာရက္ခနိုင်ငံတော် (သို့) ငြိမ်းချမ်းသော အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်မှုတွင် အခွင့်အလမ်းကို ရရှိစေမည်ဖြစ်ပါသည်။

စစ်ရေး

၁။ မူဆလင် တပ်ရင်းများနှင့် နယ်ခြားစောင့်တပ်များ ဖွဲ့စည်းခြင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စောင့်ကြည့်ထိန်းချုပ်ရန်နှင့် ရက္ခိုင်ပြည်အတွင်းသို့ မူဆလင်အကြမ်းဖက်များ ဝင်ရောက်လာခြင်းကို တားဆီးရန် ULA/AA ထိန်းချုပ်မှုအောက်တွင် ဒေသတွင်းရှိ မူဆလင်တပ်ဖွဲ့များကို ဖွဲ့စည်းကာ သင်တန်းပေးခြင်း နှင့် နေရာချထားခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဤချဥ်းကပ်မှုသည် ULA/AA အား စစ်သွေးကြွများကို ပိုပြီး ထိထိရောက်ရောက်နှင့် အချိန်မီတုံ့ပြန်နိုင်ရန် ကူညီပေးပါလိမ့်မည်။

၂။ စောင့်ကြည့်ထောက်လှမ်းခြင်းများ တိုးမြှင့်ချထားခြင်း နှင့် နယ်စပ်ထိန်းချုပ်ခြင်းများ

ULA/AA အနေဖြင့် သောင်းကျန်းသူများ လှုပ်ရှားခြင်းကို ပိုမိုခြေရာခံနိုင်ရန် တရားမဝင်နယ်စပ်ဖြတ်သန်းခြင်းတို့ကို စောင့်ကြည့်ရန် ထောက်လှမ်းစောင့်ကြည့်ခြင်းများကို ပိုမိုတိုးချထားရန် လိုအပ်ပါသည်။ အထူးလေ့ကျင့်ထားသည့် ထောက်လှမ်းရေး အဖွဲ့ငယ်များနှင့် ပြုပြင်ထားသည့် ဒရုန်းများကို အသုံးချခြင်းက စစ်သွေးကြွများ ဝင်ရောက်ခြင်းကို ကူညီတားဆီးနိုင်ပြီး ရက္ခိုင်ပြည်မြောက်ပိုင်းတွင် ရှောင်တခင်တိုက်ခိုက်ကာ ဘင်္ဂလားဒေ့ရှ်ဘက်ကို နယ်စပ်ဖြတ် ထွက်ပြေးသွားသည့် မူဆလင်စစ်သွေးကြွများကို “ရှာဖွေဖမ်းဆီးခြင်း” အပါအဝင် ULA/AA ၏ ပိုပြီးစနစ်ကျသော စစ်ရေးတုံ့ပြန်မှုများကို အကူအညီပေးနိုင်ပါသည်။​

၃။ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအဖွဲ့၊ ဘင်္ဂလားဒေ့ရှ်စစ်တပ်၊ ဘင်္ဂလားဒေ့ရှ်ရဲ့တပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့များရှိ တာဝန်ရှိသူများကို မက်လုံးပေးခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း စခန်းများနှင့် တခြားနေရာများတွင်ရှိနေသည့် စစ်သွေးကြွများကို အရေးယူမည့် အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ဆောင်ချက်များ၊ မူဆလင်စစ်သွေးကြွများနှင့် သူတို့၏စခန်းများ အကြောင်းနှင့်ပတ်သက်၍ မရှိမဖြစ်အရေးပါပြီး အချိန်မီသည့် ထောက်လှမ်းရေးသတင်းများအတွက် BDGFI, BA, BAPB နှင့် BGP တို့မှ ရည်ရွယ်ထားသည့် အဖွဲ့ဝင်များကို ULA/AA မှ ငွေကြေးနှင့် တခြားအကူအညီများပေးအပ်ရမည်။

၄။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အကြမ်းဖက်စခန်းများကိုတိုက်ခိုက်ခြင်း

ULA/AA သည် အကြမ်းဖက်များ သင်တန်းပေးကာ လူစုဆောင်းသည်ဟု ယူဆရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ မူဆလင်အကြမ်းဖက် စခန်းများကို ပစ်မှတ်ထားကာ ပို၍ပြင်းထန်သည့် လက်တုံ့ပြန်မှုဗျူဟာကို ရှာဖွေသင့်သည်။ သို့ရာတွင် ထိုကဲ့သို စစ်ဆင်ရေးလုပ်ဆောင်ခြင်းက ဘင်္ဂလားဒေ့ရှ်နှင့် သံတမန်ရေးဆိုင်ရာ တင်းမာမှုများ ဖြစ်စေနိုင်ပြီး ပဋိပက္ခတိုးမြှင့်လာနိုင်သည့် အခြေအနေလည်း ရှိနိုင်ပါသည်။

အာရက္ခဒေသ၏ အခြေအနေမှာ အလွန်ရှုပ်ထွေးနေပြီး သမိုင်းဆိုင်ရာ မကျေနပ်ချက်များ၊ လူမျိုးရေးပဋိပက္ခတင်းမားမှုများ၊ နိုင်ငံရေး၊ သံတမန်ရေး နှင့် စစ်ရေးဆိုင်ရာ ထည့်သွင်းစဥ်းစားချက်များတို့၏ သပွတ်အူလိုက်နေသည့် အရှုပ်တော်ပုံတို့ဖြင့် ပုံဖော်ထားခြင်းခံနေရသည်။ တစ်ဖက်တွင် စစ်ကောင်စီကို အမြစ်ပြတ်ခြေမှုန်းရန် ရည်မှန်းချက်ဖြင့် ချီတက်နေပြီး မူဆလင် အကြမ်းဖက်အုပ်စုတို့၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ကာ မယိမ်းမစောင်းအောင် လုပ်ဆောင်နေရသည့် အခြေအနေကို ULA/AA ရင်ဆိုင်နေရသည်။

စစ်ရေး၊ နိုင်ငံရေးဖြစ်စေ၊ သံတမန်ရေးဖြစ်စေ ULA/AA အတွက် ရွေးချယ်စရာများတွင် စိန်ခေါ်မှု၊ အန္တရာယ်များနှင့် နောက်ဆက်တွဲ အကျိုးဆက်များပါလာနိုင်သည်။ နောက်ဆုံးတွင် ရက္ခိုင်ပြည်တွင်းသာမက ပို၍ကျယ်ပြန့်သည့် ပထဝီနိုင်ငံရေး အနေအထားတို့တွင်လည်း ရှေ့ဆက်ရမည့်ခရီးမှာ သတိထား၍ ပူးပေါင်းဆောင်ရွက်ခြင်းကို လိုအပ်ပါမည်။

ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ရရှိနိုင်ရန် အာရက္ခဒေသရှိ မျိုးနွယ်စု လူမျိုးများ အားလုံးတို့၏ တရားဝင် တောင်းဆိုချက်များကို ကိုင်တွယ်ဖြေရှင်းခြင်းအပြင် ခက်ခဲလှသည့် သမိုင်းဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန်လည်း လိုအပ်ပါလိမ့်မည်။


မိုးကြိုးသည် ထိုင်း-မြန်မာ နယ်စပ်အရေးနှင့်ပတ်သက်၍ လုပ်ဆောင်နေသည့် နိုင်ငံရေးဆိုင်ရာ အကြံပေးနှင့် မဟာဗျူဟာချမှတ်သူတစ်ဦးဖြစ်သည်။

DVB English Edition တွင် နိုဝင်ဘာလ ၂၇ ရက်နေ့က ဖော်ပြခဲ့သည့် ဆောင်းပါး Rohingya militants threaten peace in northern Arakan State အား Arakan Bay News မှ ကျော်ဇံဘာသာပြန်ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ