AB News – ဇူလိုင် ၃၀၊ ၂၀၂၅
မျိုးဟိန်း
တအောင်းပြည်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA က ပြောသည်။
အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီက ယနေ့နံနက် ၁ နာရီခန့်အချိန်တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက် ၂ ရှိ ရာစုသစ်ဟိုတယ်ကို ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးသေဆုံးခဲ့ရသည့်အပြင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂ ဆောင် နှင့် တည်းခိုခန်းအဆောက်အဦးအချို့လည်း ဗုံးစထိမှန်ပျက်စီခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း မိုးကုတ်နှင့် မိုင်းလုံမြို့နယ်များကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၁ ဆောင်လည်း ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
ယခုလအတွင်း စစ်ကောင်စီသည် ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါ နှင့် မိုးကုတ်မြို့နယ်များကို ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၈ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦးနှင့် အမျိုးသား ၁၃ ဦးသေဆုံးခဲ့ရပြီး ကလေးငယ် ၄ ဦးအပါအဝင် အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၇၆ ဆောင်၊ စာသင်ကျောင်း ၂ ကျောင်း နှင့် ဘုန်းကြီးကျောင်း ၂ ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားရန် နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာရန် TNLA မှ ပြည်သူများကို တိုက်တွန်းပြောဆိုထားသည်။


