
AB News- အောက်တိုဘာ ၃၁၊ ၂၀၂၅
ဒေဝီ
ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်အတွင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော ဒေသခံပြည်သူ ၃ ဦး ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် ထပ်မံ သေဆုံးခဲ့သဖြင့် သေဆုံးသူ ၈ ဦးအထိ တိုးလာကြောင်း သိရသည်။
အကြမ်းဖက်စစ်ကော်မရှင်သည် ကျောက်ဖြူမြို့နယ်၊ ဇင်းချောင်းတိုက်နယ်ရှိ ကုန်ဘွေကျေးရွာကို ယမန့်နေ့ အောက်တိုဘာ ၃၀ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်ခန့်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကို ကြဲချခဲ့ရာ အမျိုးသမီးများအပါအဝင် ဒေသခံ စစ်ဘေးရှောင် ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။
ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် အဆိုပါဖြစ်စဥ်အတွင်း ဒဏ်ရာရရှိသူများအနက် ဒေသခံ ၃ ဦး ထပ်မံသေဆုံးခဲ့သဖြင့် အကြမ်းဖက်စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် အပြစ်မဲ့ ပြည်သူ ၈ ဦးအထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၈ ဦး အထိရှိကြောင်း သိရသည်။
“ဒဏ်ရာပြင်းထန် လို့ ၃ ယောက် ထပ်သေသွားတယ်။ ပြီးတော့ နောက်ထပ်ဒဏ်ရာပြင်းတဲ့သူတွေလည်း ရှိသေးတယ်။ ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံနေကြရတယ်”ဟု ဒေသခံ ၁ ဦးက ပြောသည်။
ပြည်သူများကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေသည့် အကြမ်းဖက် စစ်ကော်မရှင်သည် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့၊ နေ့လယ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
အလားတူ ယမန့်နေ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြိုနယ်နှင့် ရသေ့တောင်မြို မူစဲကျွန်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦး သေဆုံးကာ ၁၀ ကျော် ဒဏ်ရာရခဲ့သည်။
စစ်ရှုံး အကြမ်းဖက် စစ်ကော်မရှင်၏ အာရက္ခပြည်သူလူထုများအပေါ် လေကြောင်းမှ သူရဲဘောကြောင်စွာ ဗုံးကြဲတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာရှုတ်ချပြီး ပြည်သူလူထုများအနေဖြင့် အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကို အထူးသတိထားကြရန် ULA/AA က ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။