
AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၅
မာလာဝင်း
ကျောက်ဖြူမြို့နယ်၊ တောင်ငူရွာတွင် နိုဝင်ဘာ ၁၇ ရက်နေ့ ညအချိန်၌ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သောကြောင့် ကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။
“မနေ့က နိုဝင်ဘာ ၁၇ ရက်နေ့ ညအချိန်မှာ စကမ လေတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ အဲဒါကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်” ဟု ကျောက်ဖြူဒေသခံများက ဆိုကြသည်။
သေဆုံးခဲ့သူများမှာ တောင်ငူကျေးရွာမှ ဒေါ်မအောင်သာ (၇၄)နှစ်၊ ဒေါ်စုစုမာ (၄၇)နှစ်နှင့် မဝင်းစုဌေး ( ၁၆)နှစ်တို့ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများထဲတွင် ကျောင်းသူ၊ ကျောင်းသားများပါဝင်ပြီး ကားသမား၊ ဒေသခံတို့လည်း ပါဝင်ကာ လက်ရှိတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
စစ်ကော်မရှင် လေတပ်က ကျောက်ဖြူမြို့နယ်မှ တောင်ငူကျေးရွာ၊ ကျောက်ကလေကျေးရွာ၊ လိပ်တင်ကျေးရွာ၊ မင်းရပ်ကျေးရွာနှင့် သံချောင်းရွာတို့ကို ဒရုန်း၊ ဂျက်ဖိုက်တာအပါအဝင် ရေတပ်နေဗီများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်ရှိကျေးရွာများကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသောကြောင့် လေကြောင်းရန်ကို အထူးဂရုပြုကြရန် အာရက္ခတပ်တော်(AA) က အသိပေးထုတ်ပြန်ထားသည်။