သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် AAနှင့် စစ်ကောင်စီ တိုက်ပွဲ ပြင်းထန်နေ၊ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ခန့် စားနပ်ရိက္ခာထောက်ပံ့မှုများ လိုအပ်နေ

AB News-ဖေဖော်ဝါရီလ ၂၇၊ ၂၀၂၅

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံပြည်သူ ၃၀၀၀ ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲကြုံနေရသဖြင့် ထောက်ပံ့မှုများ လိုအပ်နေကြောင်း AB News က စုံစမ်းသိရှိရသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့နယ် ၃ ခုထဲက ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဒေသခံများက ပြော သည်။

“ကျောက်ဖြူမှာ တိုက်ပွဲ ဖြစ်နေတာ ၅ ရက်လောက်ရှိသွားပြီ။ ဓညဝတီရေတပ်စခန်းပတ်ဝန်ကျင်မှာ အဓိက ဖြစ်တာ။ အဲဒီဝန်းကျင်က ရွာသားတွေ အကုန်လုံး စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ကောင်စီက လေယာဥ်နဲ့ရော့ နေဗီကပါ နေ့ရော့ညိည့်ပါ တောက်လျှောက် ပစ်နေတယ်” ဟု အမည်မဖော်လိုသည့် ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ နေဗီများနှင့် လေကြောင်း တိုက်ခိုက်ပစ်ခတ်မှုကြောင့် သစ်ပုတ်တောင် ဓညဝတီရေတပ်စခန်း အနီးအနားကျေးရွာမှ လူပေါင်း ၃ ထောင်ကျော်ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည့်အပြင် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

“ရွာသားတွေက ဗြုန်းစားကြီး ထပြေးကြရတော့ ဆန်လည်း ယူဖို့အချိန်မရခဲ့ကြဘူး။ ရက်ကြာလာတော့ ထမင်းစားဖို့ ဆန်မရှိဘူး ဖြစ်လာပါတယ်။ ဒီထက်ကြာလာရင် ရိက္ခာအထောက်အပံ့မရရင် မလွယ်ဘူး” ဟု ပြောသည်။

စစ်ဘေးရှောင်နေကြရသည့် ကျေးရွာများမှာ စည်မော်၊ ရှောက်ချောင်း၊ စိုင်ခြုံ၊ ဦးကင်း၊ ကြံချိုင်၊ ကုလားဘာတောင်၊ ထောင့်ချောင်း၊ ကြက္တိန်၊ စစ်တောနှင့် ပျားတဲ စသည့် ကျေးရွာများပါဝင်ကြောင်း သိရသည်။

ထို့အပြင် ကျောက်ဖြူမြို့ အနီး သံဇစ်မြစ်ထဲရှိ စစ်ကောင်စီနေဗီ ၁၀ စင်းခန့်ကလည်း ၎င်းကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများ ရှိနေကြောင်း သတင်းရင်းမြစ်များက AB News သို့ပြောသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း သစ်ပုတ်တောင် ဓညဝတီရေတပ်စခန်းအနီး ဦးကင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ရွာသား ၄ ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းများအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ