သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကာကွယ်ရေးဝန်ထမ်းဟောင်းများ ပြင်ပအဖွဲ့တွင် လုပ်ကိုင်ပါက သေဒဏ်နှင့် ထောင်ဒဏ် တသက်ချမည့် ဥပဒေကို မင်းအောင်လှိုင် ထုတ်ပြန်

.
AB News- ဇူလိုင် ၂၉၊ ၂၀၂၅
ဒေဝီ

အစိုးရထံတွင် လုပ်ကိုင်ခဲ့သည့် ကာကွယ်ရေးဝန်ထမ်းဟောင်းများအနေဖြင့် ပြင်ပအဖွဲ့အစည်းများတွင် ခွင့်ပြုချက်မပါဘဲ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ပါက သေဒဏ်နှင့် ထောင်ဒဏ် တသက်တကျွန်းအထိ ချမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ဇူလိုင် ၂၈ ရက်နေ့တွင် ဥပဒေအသစ်တစ်ရပ် ထုတ်ပြန်လိုက်သည်။

အဆိုပါ ဥပဒေကို မင်းအောင်လှိုင်က ‘စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ’ ဟု အမည်တပ်ထားသည်ဟု သိရသည်။

ကာကွယ်ရေးဝန်ထမ်းဆိုသည်မှာ ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို လိုက်နာရသူ၊ ယင်းဥပဒေကို မလိုက်နာရလျှင် တပ်မတော်၏ အခန်းကဏ္ဍ တစ်ခုခုတွင် အချိန်ပိုင်းဖြစ်စေ၊ အချိန်ပြည့်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်နေသူ၊ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု သတ်မှတ်ထားသည်။

“စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်” ဆိုသည်မှာ စစ်ဘက်ဆိုင်ရာ အဂ္ဂမဟာဗျူဟာများ၊ မဟာဗျူဟာများ၊ စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စများ၊ တပ်မတော်ရေယာဥ်၊ လေယာဥ်၊ စက်ယန္တရား၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် သက်ဆိုင်သည့် နည်းပညာများ၊ နည်းစနစ်များ၊ ထုတ်လုပ်တပ်ဆင်မှု ပညာရပ်များနှင့် သတင်းအချက်အလက်များ အပါအဝင် စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လုပ်ထုံးလုပ်နည်း သို့မဟုတ် နည်းစနစ်များ ကို ဆိုလိုခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ထမ်း သို့မဟုတ် ဝန်ထမ်းဟောင်း ၁ ဦးက နိုင်ငံခြား စစ်ဘက်ဆိုင်ရာအဖွဲ့မဟုတ်သည့် ပြင်ပအဖွဲ့တစ်ခုခုတွင် ဖြစ်စေ၊ အဖွဲ့ကိုယ်စားလှယ်ဖြစ်စေ လုပ်မည်ဆိုပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ်တသက်ချမှတ်ရမည်ဟု ထုတ်ပြန်ထားသည်။

ယင်းအပြင် တရားဝင်လက်နက်ကိုင်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများတွင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် တစ်ရပ်ရပ်ကို အသုံးပြု၍ နိုင်ငံတွင်း၌ ဖြစ်စေ၊ နိုင်ငံပြင်ပ၌ ဖြစ်စေ လုပ်ကိုင်မည်ဆိုလျှင်လည်း ထောင်ဒဏ်တသက် သို့မဟုတ် သေဒဏ်ချမှတ်ရမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

ယခုထုတ်ပြန်ထားသည့် ဥပဒေ အာဏာမတည်ခင် ကာကွယ်ရေးဝန်ထမ်းဟောင်းများအနေဖြင့် ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများ လုပ်နေပါက ဥပဒေအာဏာတည်သည့် နေ့ကစ၍ ၆ လအတွင်း ကာကွယ်ရေးဝန်ကြီးဌာန၌ ခွင့်ပြုချက်လျှောက်ယူရမည်ဟုလည်း ဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဥပဒေတွင် ပုဒ်မ ၂၃ ခု ပါဝင်ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ၄၄ ခုမြောက် ထုတ်ပြန်သည့် ဥပဒေဖြစ်သည်။

အဆိုပါ ဥပဒေအရ စွဲဆိုသည့် ပြစ်မှုတစ်ခုခုအတွက် တရားရုံး၌ စစ်ဆေးနေစဥ် သက်သေခံချက် သို့မဟုတ် ဖော်ပြသည့် အကြောင်းအရာ တစ်ခုခုကို အများကြားသိပါက နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု အကြောင်းပြ၍ အများပြည်သူအားလုံး သို့မဟုတ် အချို့ကို ဖယ်ရှားပေးရန် တရားလိုဘက်က လျှောက်ထားပါက ထို လျှောက်ထားချက်အတိုင်း တရားရုံးက အမိန့်ချပေးနိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်