ဆောင်းပါး၊ မာမဃ – ရေးတယ်။
စစ်တွေမြို့သိမ်းတိုက်ပွဲကြီးဟာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ရဲ့ ဗိုလ်လုပွဲဆိုနိုင်သလို အပြောင်းလဲ များစွာ ကို မြင်ရမှာပါ။ ဒီတိုက်ပွဲနဲ့ အတူ ကန့်လန့်ကာ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်း တခုလည်း ရှိ နေပါတယ်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALP/ALA ) အကြောင်းပါ။ ဆိုတော့ ဒီနေရာမှာ ALP ရဲ့မူလ မူဝါဒ၊ ALP အပြောင်းအလဲနဲ့ အုပ်စုကွဲ၊ AA ရဲ့ မူဝါဒ၊ ဆက်ဆံရေး တင်းမာမှုတွေ၊ အာဏာ သိမ်းပြီးနောက်ပိုင်း ALP၊ ALP အနာဂတ်အလားအလာစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမှာပါ။
ALP ဖြစ်လာပုံနဲ့ ဖြစ်နေပုံ

ALP ဟာ အစတုန်းက ရက္ခိုင်ပြည်လွတ်မြောက်ရေး ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေးအတွက် လွတ်လပ်ရေးအထိ တိုက်ပွဲဝင်မယ်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ၁၉၆၇ ရန်ကုန်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဥက္ကဌ ခိုင်ပြည်သိမ်း ဦးဆောင်ပြီး ခိုင်မိုးလင်းလည်းပါဝင်တယ်။ စတင်ဖွဲ့စည်းခဲ့ပြီးနောက် မကြာမီ ၁၉၆၈ မှာ စစ်အစိုးရက ခေါင်းဆောင် တွေကို ဖမ်းဆီးခဲ့တာကြောင့် ALP တခန်းရပ်ခဲ့တယ်။ အဲဒီနောက် ၁၉၇၄ ဇွန်မှာ ဥက္ကဋ္ဌ ခိုင်မိုးလင်း ဦးဆောင်မှုနဲ့ ဒုတိယ အကြိမ် KNU နယ်မြေမှာ ပြန်လည် ဖွဲ့စည်းလာပါတယ်။

ခိုင်မိုးလင်းရဲ့ သန္နိဌာန်မူတွေက “ ရက္ခိုင်ပြည်လွတ်လပ်ရေးကို လက်နက်ကိုင်ခြင်းမှ အခြား နည်းလမ်းမရှိ၊ ရက္ခိုင် ပြည်လွတ်မြောက်ရေးအတွက် ဘဝတူ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲ၊ လွတ်လပ်ရေးဆိုတာ ရက္ခိုင် အမျိုးသား စည်းလုံးညီညွတ်မှုရဲ့ လက်ထဲမှာရှိတယ် ” စတဲ့ အချက်တွေပါ။
ခိုင်မိုးလင်းဟာ တော်လှန်ရေးကို လက်တွေ့လုပ်ပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၇၆ မှာ မိုးလင်းရာဇာစစ်ကြောင်း ဖွဲ့ပြီးတော့ လူအင်အား ၁၂၀ လက်နက်အပြည့်အစုံနဲ့ ကရင်ပြည်ကနေ၊ ရှမ်း၊ ကချင်၊ ရက္ခိုင်သို့ ချီတက်လာပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ်ထဲမှာ စစ်တပ်ရဲ့ ပိတ်ဆို့ တိုက်ခိုက်ခြင်းခံရလို့ ခိုင်မိုးလင်းကျဆုံးခဲ့ပါတယ်။
ဆက်လက်ပြီးတော့ ၁၉၈၁ မှာ ခိုင်ရဲခိုင် ဦးဆောင်မှုနဲ့ ALP ကို တတိယအကြိမ် ပြန်လည်ဖွဲ့ပြန်တယ်။ ဒါပေမဲ့ တော်လှန်ရေးကာလ ကြာရှည်လာပြီး လက်တွေ့ လုပ်ပြနိုင်တာ မရှိခဲ့ပါဘူး။ အဆိုးဆုံးက မြန်မာစစ်တပ်နဲ့ တခါမှ တိုက်ပွဲမရှိဘဲ လွတ်လပ်ရေးကို မျှော်ရည်ပါတယ်။
ဒါကြောင့် တရွေ့ရွေ့နဲ့ ALP ဟာ ရက္ခိုင်လူထု ထောက်ခံမှု ကျဆင်းနေရာကနေ ၂၀၂၂ ဇန်နဝါရီမှာ ခိုင်ရဲခိုင် ဦးဆောင်တဲ့ အဖွဲ့၊ စောမြရာဇာလင်း ဦးဆောင်တဲ့ အဖွဲ့၊ ခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ အဖွဲ့ဆိုပြီး သုံးခြမ်းကွဲ ပြန်တယ်။

ခိုင်ရဲခိုင်ကတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခိုလှုံပြီးတော့၊ ခိုင်စိုးနိုင်အောင်က ထိုင်းနယ်စပ်မှာ နေပါတယ်။ စောမြရာဇာလင်းကတော့ စစ်တွေမှာနေပါတယ်။ ဒီကနေ့မှာတော့ ခိုင်ရဲခိုင်နဲ့ ခိုင်စိုးနိုင်အောင်ဟာ ALP မှာ မရှိ တော့ဘူးလို့ နားလည်နိုင်ပါတယ်။
ဘာကြောင့်လဲ စောမြရာဇာလင်းဟာ ဥက္ကဌလုပ်ပြီး ALP ကို မောင်ပိုင်စီးထားလိုက်လို့ပါ။ ALP တံဆိပ်ကိုယူပြီး ထုတ်ပြန်ချက်တွေ အမျိုးမျိုးလုပ်နိုင်တာပါ။ ဒီကနေ့ ALP ဗဟိုဌာနချုပ်ဟာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်(နာဇီရွာ) အေးသာယာလမ်းမှာပါ။ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ အကြောင်းကို သုတေသနပြုထားတဲ့ ISP Myanmar နဲ့ BNI -Myanmar Peace Monitor တို့ အစီရင်ခံစာအရ ALP ဟာ အင်အား ၂၀၀ ခန့်ရှိပါတယ်။
- AA ဖြစ်လာပုံ၊ ဖြစ်နေပုံ
ဒီတခါတော့ အာရက္ခတပ်တော် (AA) အကြောင်းကို အနည်းငယ်ပြောလိုပါတယ်။ AA ကို ၂၀၀၉ ဧပြီလမှာ ကချင်ပြည်၊ တရုတ်နယ်စပ်မှာ စတင်ဖွဲ့စည်းပြီး အရွယ်အားဖြင့် ၁၅ နှစ်ရှိလာပြီ။ လူငယ်ခြေတက် ခေတ်ပညာတတ် ၂၆ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ဒီနေ့မှာ ပလက်ဝနဲ့ အတူ ရက္ခိုင်ပြည်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ လက်ကျန် စစ်တွေနဲ့ ကျောက်ဖြူမှာ ထိုးစစ်တွေရှိနေပြီး မာန်အောင်တခုသာ ကျန်တော့တာပါ။ AA ရဲ့ နိုင်ငံရေး မူဝါဒကတော့ လွတ်လပ်ရေး သို့မဟုတ် ကွန်ဖက်ဒရေးရှင်းလို့ ထုတ်ပြောပြီး ရက္ခိတလမ်းစဉ်အတိုင်း လက်တွေ့တော်လှန်ရေး လုပ်ပါတယ်။
- အစောပိုင်းကာလ ALP နဲ့ AA
AA ဟာ ၂၀၁၁ အကုန်၊ ၂၀၁၂ နှစ်တွေမှာ လိုင်ဇာကနေ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် မြန်မာ သုံးနိုင်ငံနယ်စပ် တြိဂံ ဒေသကို စတင်ဝင်ရောက်လာပါတယ်။ အဲဒီမှာပဲ မူလက ရောက်နှင့်ပြီးသား ALP တပ်လည်းရှိနေတာပါ။ အဲဒီတုန်းက ရက္ခိုင်အချင်းချင်းဆိုတဲ့ စိတ်နဲ့ နှစ်ဘက်နားလည်မှုရကြပါတယ်။ ဒါပေမဲ့ ALP ဟာ AA က ရဲဘော်တွေကို သူ့တို့ထက် နောက်မှာရှိတယ်၊ အသက်ငယ်တယ်ဆိုပြီး ချိုးနှိမ်ဆက်ဆံမှုတွေ ဆက်တိုက်လုပ်ပါတယ်။
နောက်ပြီး AA တပ်ဖွဲ့ဝင်တွေရဲ့ လုပ်နိုင်စွမ်း အရည်အချင်းရှိတာကို ALP က မနာလို ဖြစ်ပါတယ်။ ဒီလိုနဲ့ မကြေ လည်မှုတွေက တဆင့် ၂၀၁၄ နောက်ပိုင်းမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ရှိလာပါတယ်။ ၂၀၁၆ ဇွန်လက ပလက်ဝကို ပို့တဲ့ AA တပ်ဖွဲ့ဝင်တွေရဲ့ ပွိုင့်ဖိနပ် အရံ ၆၀ ကျော် နဲ့ စစ်အသုံး ဆောင်ပစ္စည်းတွေကို ALP က လမ်းခုလတ်မှာ ကြားဖြတ်လုယူပါတယ်။
ဒီလို တဖြည်းဖြည်းနဲ့ ၂၀၁၆ ဇွန်လမှာ နယ်စပ်တကြောမှာ နှစ်ဘက် တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်စဉ် နောက်ပိုင်း မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် တြိဂံနယ်မြေက ALP ရဲ့ ဗဟိုဌာနချုပ်ကို AA က ၂၀၁၇ သြဂုတ်လမှာ ဝင်တိုက်ပြီး သိမ်းပိုက်ခဲ့ပါတယ်။
တဖက်မှာလည်း ALPနဲ့ AA ဟာ ပေါင်းစည်းရေးအတွက် လိုင်ဇာတို့ ထိုင်းနိုင်ငံတို့မှာ တွေ့ဆုံမှုတွေ လုပ်ပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှုတွေက အကဲဆတ်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်ရာထူးနဲ့ ပတ်သက်ပြီး အကြိတ်အနယ်ဆွေး နွေးခဲ့ပေမဲ့ အဆင်မပြေပါဘူး။ မြေပြင်တပ် ဖြန့်ကျက်မှုနဲ့ အင်အားတွေဟာ ALP မှာ တပ်ရင်းတခုစာတောင် လူ မရှိတာကြောင့် ပေါင်းစည်းမှု မဖြစ်နိုင်တာပါ။ တပ်ဖွဲ့စည်းပုံ အင်အား မရှိဘဲ ရာထူးအကြီးတောင်းတာက အဓိက ညှိနှိုင်းမရတဲ့ ပြဿနာ ဖြစ်ခဲ့တာပါ။
- အာဏာသိမ်းပြီးနောက် ALP

ဒီလို ရက္ခိုင်ပြည်သူတွေ ထောက်ခံလုံးဝမရှိ၊ နယ်မြေစိုးမိုးမှု ဘာမှမရှိဘဲ ဖြတ်သန်းလာတဲ့ ALP ရဲ့ လမ်းခရီးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ စစ်တွေ မှာပိုပြီး စစ်ကောင်စီနဲ့ ပူးပေါင်းမှုထင်သာမြင်သာရှိလာပါတယ်။
ဒီလို စစ်ကောင်စီ အလိုလိုက်အကြိုက်ဆောင်ဖြစ်တဲ့ ALP ကို စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်က မောင်တောဒေသမှာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ထားဖို့၊ AA ကို တန်ပြန်တိုက်ခိုက်ရေးလုပ်ဖို့ ကမ်းလှမ်းပေမဲ့ စစ်ကောင်စီလိုချင်တဲ့ တပ်ဖွဲ့ဝင်အင်အား ALP မှာ မရှိတာကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ ဒါကြောင့် နေပြည်တော် အသိုင်းအဝိုင်းမှာ ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးဖက် အဖွဲ့အစည်း တစ်ခုအဖြစ်နဲ့ ရပ်တည်ပါတယ်။
ရက္ခိုင်တိုက်ပွဲတွေပြင်းလာတော့ စစ်တွေမှာ လုံခြုံရေးတိုး မြှင့်ဖို့ ALP ကို စစ်ကောင်စီ ပွဲထုတ်ပြပါတယ်။ ရက္ခိုင် လက်နက်ကိုင် အချင်းချင်း ထိပ်တိုက်တည့်ပေးဖို့ စစ်ကောင်စီက အသုံးချနေသလို ALP ကလည်း လိုလိုလားလား လက်ခံပါနေတာပါ။
စစ်တွေမြို့မှာ စစ်ကောင်စီ အထောက်ပံ့နဲ့ ပူးတွဲကင်းလှည့်မှုတွေ၊ မြို့ခံတွေကို AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ စစ်ကောင်စီထံ ဖမ်းပေးမှုတွေ ဆက်တိုက်လုပ်ပါတယ်။ ALP ဟာ မောင်တောမကျရှုံးမီ AA ထိုးစစ် ရပ်တန့်ဖို့ စစ်ကောင်စီ အလိုကျ ကြေညာချက်ထုတ်ပါတယ်။
၂၀၂၃ နိုင်ဝင်ဘာ နောက်ပိုင်း စစ်တွေမြို့ခံတွေ ဘေးလွတ်ရာကိုထွက်ပြေးချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မြို့ခံတွေဆီကနေ ငွေကြေး အဆမတန်တောင်းတာ၊ ဖမ်းဆီးငွေညှစ်တာတွေလုပ်ပါတယ်။ ထင်သာမြင်သာကတော့ စစ်တွေ ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် လူသတ်ပွဲမှာ ပါဝင်ခဲ့တာပါ။ ဒါ့အပြင် AA လှုပ်ရှားမှု သတင်းတွေကို စစ်ကောင်စီထံ ပေးပြီးတော့ ALP ဟာ စစ်ကောင်စီ ထားရာနေ စေရာသွား အဖြစ်နဲ့ နေပြပါတယ်။
ဒီလိုနဲ့ အစကတည်းက ဆက်ဆံရေးတင်းမာမှုတွေနဲ့ သွားနေတဲ့ ALP နဲ့ AA တို့ဟာ စစ်တွေမြို့မှာ တဖန် ဆက်ဆံ ရေး အဖုအထစ် ဆက်လက် မြင့်တက်ခဲ့ပါသေးတယ်။ ၂၀၂၀ မေလနဲ့ သြဂုတ်လတွေမှာ ALP ဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးနဲ့ ၁၀ ဦး AA ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၂ ဩဂုတ်လမှာ ALP ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရက္ခိုင်အမျိုး သားစည်းလုံး ညီညွတ်ရေးကို ထိပါးစေတယ် ဆိုပြီး AA က ဖမ်းဆီးလိုက်ပါတယ်။ ဒီတော့ ခိုင်ပေါ်လင်းကို ဖမ်းဆီးရာတွင် ပါဝင်တယ်လို့ ယူဆသူ စက်ရုံစုရပ်ကွက်က လူ ၃ ဦးကို စစ်ကောင်စီက ALP အတွက် ဖမ်းဆီးပြပါတယ်။ နောက်ထပ် မင်းဂံဒေသခံတွေကို လည်း ALP က လိုက်လံဖမ်းဆီးခဲ့ပါသေးတယ်။
တခါ ၂၀၂၃ ဇန်နဝါရီ စစ်တွေမှာ လွတ်လပ်ရေနေ့ အခမ်းအနားက ပြန်လာတဲ့ ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စော မြနဲ့ ခေါင်းဆောင် ၃ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၃ ဇူလိုင်မှာ ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်နဲ့ အရာ ရှိ ၃ ဦး စစ်တွေမြို့တွင်းမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီလုပ်ကြံမှုတွေဟာ AA လက်ချက်လို့ ALP က စွပ်စွဲပေမဲ့ AA က ငြင်းဆန်ခဲ့ပါတယ်။
- စစ်ရေး ပြင်ဆင်ထားတဲ့ ALP

ဒီနေ့မှာတော့ AA ထိုးစစ်ကို စစ်တွေကနေခုခံဖို့ ALP က အသင့်အနေအထားပြင်ဆင်ထားတယ်လို့ ဗိုလ်မှူး ခိုင်သူရိန်က ၂၀၂၄ ဇွန်လက ထုတ်ပြောခဲ့ပါတယ်။ ALP ဟာ စစ်ကောင်စီရဲ့ အကူအညီနဲ့ မြို့ခံတွေကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးပြီးတော့ စစ်သင်တန်းပေးတာတွေ လုပ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက စစ်တွေ ရုံး ချုပ်မှာ စစ်သင်တန်းဆင်းပွဲတစ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ ၂၀၂၄ နိုဝင်ဘာလက ဒီဇင်ဘာလထိ တစ်ကြိမ်နဲ့ ၂၀၂၅ ဖေဖော် ဝါရီမှာ တစ်ကြိမ် စစ်သင်တန်းပေးနေပါတယ်။ ALP ရဲ့ သင်တန်းဆရာတွေထဲမှာ စစ်ကောင်စီ အရာရှိ အချို့ ပါပြီး တော့ လက်နက်တွေလည်း ထောက်ပံ့ပေးပါတယ်။
အပေါ်မှာ ပြောခဲ့သလို အပြန်အလှန် မကြေလည်မှုတွေနဲ့ ရှုပ်ထွေးနေတဲ့ ရက္ခိုင်လက်နက်ကိုင် နှစ်ဖွဲ့ကြားက ပြဿနာတွေဟာ မကြာခင်မှာ နောက်ဆုံးအဆင့် ထိပ်တိုက်တွေ့မှာ ကြုံလာတော့မှာပါ။
ဘာကြောင့်ပါလဲ။ စစ်တွေတိုက်ပွဲကြောင့်ပါ။ ဒီကနေ့ စစ်တွေမြို့နယ်မှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲစ ဖြစ်နေပါပြီ။ AA ဟာ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီ ဌာနချုပ်နဲ့ စစ်ဘက်ဆိုင်ရာ နေရာအနှံ့ကို တိုက်ခိုက်သလို စစ်ကောင်စီကလည်း အမှတ် ၁၂ ရဲတပ်ရင်း၊ ဒကစ ဌာနချုပ်နဲ့ ရွှေမင်းဂံဆိပ်ကမ်း နေဗီတို့ ကနေ AA ရှိနိုင်မယ်လို့ ယူဆတဲ့ နေရာတွေကို ပစ်ခတ်ပါနေပါတယ်။
ရက္ခိုင်ပြည်မှာ AA ကလွဲပြီး ဘယ်လက်နက်တပ်ဖွဲ့မှ မရှိစေရလို့ AA ကဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီနဲ့ မဟာမိတ်တွေဖြစ်တဲ့ ARSA၊ RSO၊ ARA စတဲ့ မူဆလင်အဖွဲ့တွေကို မောင်တောတိုက်ပွဲမှာ ချေမှုန်းခဲ့ပါပြီ။ ဒီ အတိုင်းဆိုရင် ALP သာ ကျန်တော့တာပါ။စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရခိုင်ပြည်သူတွေကို ညှင်းပမ်းနှိပ်စက်တယ် ဆိုပြီး ALP ကို ချေမှုန်းသွားမယ်လို့ ၂၀၂၄ ဇွန်လမှာ AA က တရားဝင်ပြောပါတယ်။
- ALP အနာဂတ်
ALP ဟာ သမ္မတဦးသိန်းစိန်လက်ထက် တနိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ထိုးပြီး နောက််ပိုင်းမှာ ရက္ခိုင်လူထု ထောက်ခံမှု လုံးဝ ကျဆင်းသွားတာပါ။ အဓိကတော့ လက်တွေ့ တော်လှန်ရေး လုပ်မပြနိုင်တော့ဘဲ စစ်တွေကနေ လေယာဉ် အခမဲ့စီးရင်း နေပြည်တော်မှာ စစ်ကောင်စီ အလိုကျ ဆွေးနွေးပွဲမှာ အချိန်ကုန်တာကြောင့် ဖြစ်ပါတယ်။
နောက်ပြီး ရက္ခိုင်အမျိုးသားရေးကို ဗန်းပြပြီး နေပြည်တော်မှာ နွေးဆွေးနေမှုက မြေပြင်မှာဘာမှ မလုပ်နိုင်တာပါ။ ဆိုတော့ ALP ဟာ လက်တွေ့နဲ့ ကင်းကွာတဲ့ နိုင်ငံရေး အယူအဆကို သွားနေလို့ပါ။ ရက္ခိုင်ပြည်တည်ဆောက်ရေးကို စိတ်ကူးယဉ်နဲ့ သွားနေတယ်လို့မြင်ရတယ်။
ဒီနေ့မှာ ALP ဟာ စစ်ရေးဝမ်းစာမရှိဘဲ နိုင်ငံရေး ခေါင်းစဉ်အကြီးကြီး စကားလုံးတွေ လျှောက်ပြောနေပြီး စစ်အာဏာရှင်ရဲ့ ၂၀၀၈ အခြေခံ ဥပဒေအောက်ကနေ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ကို မျှော်လင့်နေပါတယ်။ ဒါကြောင့် NCA အောက်ကနေ လွတ်လပ်ရေးကို လျှောက်ပြောနေတာ ဖြစ်တန်၏ မဖြစ်တန်၏ စဉ်းစား သုံးသပ်ဖို့ အချိန် ရောက်လာပါပြီ။
ဆိုတော့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ALP အဖွဲ့ဟာ AA နဲ့ ရင်ဆိုင်ရတော့မှာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ AA ကိုတိုက်ဖို့ ALP နဲ့အတူ မူဆလင်လက်နက်ကိုင်တပ် Arakan National Defense Force (ANDF) ကိုလည်း မွေးစားထားပါသေးတယ်။ ဒီတော့ မကြာမီ မြင်ရတော့မဲ့ စစ်တွေမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ+ ALP+ ANDF Vs AA ဖြစ်ပါတယ်။
ဆိုတော့ခါ မူဆလင်နဲ့ ပူးပေါင်းပြီး AA ကိုတိုက်တဲ့ တခုတည်းသော ရက္ခိုင်လက်နက်ကိုင်တပ် ALP ဆိုပြီး သမိုင်း မှတ်တမ်း ဝင်ခံနိုင်မလား။ ရက္ခိုင်တို့ရဲ့ လွတ်လပ်ရေးသမိုင်း၊ တော်လှန်ရေးမော်ကွန်းမှာ တခုတည်းသော ရက္ခိုင့် သစ္စာဖောက်တပ်အဖြစ် အနာဂတ်မျိုးဆက်တွေ အိပ်ရာဝင် ပုံပြင်အဖြစ်နဲ့ ဘဝနိဂုံးချုပ်တော့မလား။
ဒါမှမဟုတ်ရင် အသာတကြည် AA ဆီမှာ လက်နက်ချမလားဆိုတာကို စောင့်ကြည့်ရဖွယ် ရှိကြောင်းပါ ခင်ဗျား…။