သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNU က စစ်သုံ့ပန်းများအား နေရပ်ပြန်ခွင့်ပေး

AB News – ဩဂုတ် ၄၊ ၂၀၂၅
ချန်ဒြာ

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တောင်စုတိုက်ပွဲနှင့် တော်ဝိတိုက်ပွဲများအတွင်း ဖမ်းဆီးရရှိခဲ့သည့် စစ်သုံ့ပန်းများကို နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး၊ လုံခြုံရေးအခြေအနေကြောင့် မပြန်နိုင်သေးသူများနှင့် မပြန်လိုသူများအား အလုပ်အကိုင်များ ရှာဖွေပေးကာ စောင့်ရှောက်ထားကြောင်း ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်တပ်ဖွဲ့များသည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ တောင်စုကျေးရွာတွင် စစ်ကြောင်းထိုး အခြေချနေသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၂၃ ဦး အပြင် လက်နက်ခဲယမ်း အမြောက်အများကိုပါ ဖမ်းဆီး သိမ်းဆည်း ရရှိခဲ့သည်။

ထို့အပြင် တစ်ပြိုင်နက်တည်းဖြစ်ပွားခဲ့သည့် လယ်ဒိုမြို့နယ်၊ စီမံအုပ်ချုပ်နယ်မြေရှိ တော်ဝိကျေးရွာတိုက်ပွဲတွင်လည်း စစ်သုံ့ပန်း ၃ ဦး နှင့် လက်နက်ခဲယမ်းများစွာကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

တိုက်ပွဲနှစ်ခုတွင် စစ်သုံ့ပန်းစုစုပေါင်း ၂၆ ဦး ကို KNU က စစ်စည်းကမ်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအများစုမှာ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသူများ ဖြစ်ကြပြီး၊ အချို့မှာ စစ်မှုမထမ်းလိုတော့ဘဲ သက်တမ်းပြည့်သွားသည့် စစ်သားဟောင်းများလည်း ပါဝင်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ