မာမဃ ရေးတယ်
အပိုင်း (၁)
နယ်စပ်ဆိုတာကတော့ နိုင်ငံတိုင်းလိုလိုမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပဋိပက္ခစတဲ့ ကဏ္ဍတိုင်းမှာ ရှုပ်ထွေးမှုတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့လည်း အနည်းအများတော့ ကွာခြားချက် ရှိမှာပါ။
ဒီအထဲ ရက္ခိုင်- ဘင်္ဂလားဒေ့ရှ်(ဘင်္ဂလာ) နယ်စပ်မှာ ပါဝင်ပတ်သက်နေသူတွေနဲ့ လှုပ်ရှားမှု ပုံစံတွေဟာ ပိုပြီး ထူးခြား စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စစ်ရေး နိုင်ငံရေး ပဋိပက္ခသွားရာ၊ လာရာလမ်းကြောင်းပေါ်မှာ Player တွေဟာ ကိုယ်ကျိုးစီးပွား အကြံတွေနဲ့ပါ။ အားလုံးသော ဇာတ်ကောင်တွေမှာ သူ့အာဂျန်တာနဲ့သူ ရှိနေပြီးတော့ လျှို့ဝှက်ထားပါတယ်။
ဆိုတော့ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်နဲ့ ပတ်သက်ပြီး ဒီအချိန်မှာ ဘာတွေ ဖြစ်နေတာလဲ။ ဘယ်လို ဖြစ်ခဲ့တာလဲ။ နောက်ဘာဖြစ် လာနိုင်သလဲ။ စတဲ့ မေးခွန်းတွေရှိပါတယ်။ ဒီတော့ တိမ်မြှုပ်နေတာတွေ၊ နက်ရှိုင်းရှုပ်ထွေးတဲ့ တကယ့် အကြောင်းခြင်း အရာတွေကို နှိုက်ထုတ်ပြီး သုံးသပ်တင်ပြဖို့ ကြိုးစား ကြည့်ပါမယ်။
နယ်စပ်ဒေသမှာ နိုင်ငံရေး သက်ရောက်မှု
နယ်စပ်မှာ ထိတ်ခနဲဆို မြန်မာ့နိုင်ငံရေး၊ ဘင်္ဂလာနိုင်ငံရေး၊ ရက္ခိုင့်နိုင်ငံရေးတို့ တိုက်ရိုက် အကျိုးသက်ရောက်မှု ဖြစ်တတ်ပါတယ်။
အာဏာသိမ်း အကျိုးဆက်ကြောင့် ဒီနေ့ မြန်မာ့နိုင်ငံရေးဟာ အဖက်ဖက်ကနေ အကျပ်အတည်းတွေထဲမှာ နပန်း လုံးနေရပြီး စစ်ကောင်စီဟာ နေရာအနှံ့မှာ စစ်ရှုံးနေပြီးတော့ အုပ်ချုပ်ရေး ယန္တယား မနိုင်မနင်း ဖြစ်နေပါတယ်။ ရက္ခိုင်အပါဝင် မြန်မာပြည်အနှံ့က မြို့ပေါင်း ၈၀ ကျော်ကို စစ်ကောင်စီ လက်လွှတ် ဆုံးရှုံးထားပြီးတော့ စစ်မက်ဇုန် ကျယ်ပြန့်လာတာကြောင့် ပြည်သူတွေဟာလည်း အိုးပစ်အိမ်ပစ်နဲ့ စစ်ဘေးနွံ့နစ်နေဆဲပါ။ လူတွေဟာ ဝရုန်းသုန်းကား စစ်ရှောင်နေကြရသလို ဒုက္ခတွေ တပုံတပင်နဲ့ လုံခြုံရေး စိုးရိမ်ချက်ကလည်း ကူရာမဲ့ ဖြစ်နေကြရရှာပါတယ်။
ဒါဆို မျက်မှောက် ဘင်္ဂလာနိုင်ငံရေးကို အရင်ကြည့်ရအောင်ပါ။ ဘင်္ဂလာမှာ မကြာသေးခင်က နိုင်ငံရေး အပြောင်း အလဲ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။ လနဲ့ချီတဲ့ ဆန္ဒပြပွဲတွေနဲ့ အတူ လူရာချီသေဆုံးခဲ့ရပြီးတဲ့နောက် ၁၅ နှစ် ကြာ တစ်ဆက်တည်း အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစိနာဟာ နိုင်ငံက ထွက်ခွာခဲ့ရ ပြီးနောက် လက်ရှိမှာတော့ ဒေါက်တာ မိုဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ကြားဖြတ် အစိုးရက ဦးဆောင်နေပါတယ်။
ယူနွတ်စ်ဟာ မြန်မာ့နိုင်ငံရေး၊ ရက္ခိုင်ပြည် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သိပ်ထင်ထင်ရှားရှား ထွက်ပြောတာမတွေ့ရပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ထဲမှာ ဘင်္ဂလာရောက် မူဆလင် ဒုက္ခသည်တွေကို ရက္ခိုင်သို့ ပြန်ပို့ရေးနဲ့ နောက်ထပ် ဒုက္ခသည်တွေ လက်မခံတော့တဲ့ အစီစဉ်ကိုတော့ ဦးစားပေး ပြောပါတယ်။
မူဆလင် ဒုက္ခသည်တွေကို ရက္ခိုင်ပြည်ထဲမှာ ကုလသမဂ္ဂက အာမခံနဲ့ လုံခြုံတဲ့ဇုန် (Safe Zone) တခုဖန်တီးဖို့ ခုရက်ပိုင်းမှာ အမေရိကန်ကို ဘင်္လားဒေ့ရှ် ကြားဖြတ်အစိုးရက တောင်းဆိုထားပါတယ်။ ဒီလို အခြေအနေမျိုးမှာ Safe Zone ထား ဖို့ဟာက ဖြစ်လာ နိုင်ခြေ အလွန်နည်းတယ်လို့ပဲ ကောက်ချက်ချပါမယ်။ ဘာကြောင့်လဲဆိုရင် ရက္ခိုင်ပြည်ဟာ လုံခြုံရေး အာမခံချက် မရှိသေးသလို AA က ရက္ခိုင်ပြည်အားလုံးနီးပါးကို ထိန်းချုပ်ထားလို့ဖြစ်ပါတယ်။ ဆိုလို တာက AA ထိန်းချုပ်အောက်မှာ မူဆလင်တွေကို ထားတော့မယ် ဆိုပါစို့။ AA နဲ့ တိုက်ရိုက်စကားပြောရမှာပါ။
ယူနွတ်စ်အစိုးရနဲ့ ရက္ခိုင်ပြည် ဆက်စပ်မှု
နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယူနွတ်စ်အစိုးရတက်ပြီးနောက် စစ်တကောင်းဒေသမှာ ဌာနေတိုင်းရင်းသားတွေနဲ့ ပြောင်းရွှေ့အခြေချလာတဲ့ မူဆလင်တို့အကြား လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ရှိနေပါ တယ်။
စက်တင်ဘာ တတိယအပတ်က ဘင်္ဂလားဒေ့ရှ် ခါဂရာဆော်ရီမြို့နယ်မှာ နေထိုင်ကြသည့် သက္ကမ(Chakma) လူမျိုးနေ အိမ်နဲ့ ဆိုင်ခန်း ၁၀၀ ကျော်ကို မူဆလင်တွေက အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့လို့ အဓိကရုဏ်းဖြစ်ခဲ့တာရှိပါတယ်။
ဒီအဓိကရုဏ်းက ရက္ခိုင်ဒေသနဲ့လည်း ချိတ်ဆက်နေတဲ့ အချက်ကို တွေ့နိုင်ပါတယ်။ အဲဒီဒေသမှာ ရွှေ့ပြောင်း လာတယ်ဆိုတဲ့ မူဆလင်တွေထဲမှာ ဒုက္ခသည်အမှီပြု အကြမ်းဖက်အုပ်စုနဲ့ ရောလုံးချက်တင် ဖြစ်နေတာကို လူတွေသိပ် မသိကြပါဘူး။
ဒီပြဿနာတွေမှာ၊ ARSA၊ RSO အုပ်စုတွေနဲ့လည်း ချိတ်ဆက် နေပါတယ်။ ဘင်္ဂလာ သတင်းရင်းမြစ်တွေ ပြောဆိုချက်အရ စစ်တကောင်းတောင်တန်း ဒေသမှာ ARSA တပ်ဖွဲ့ဝင် ထောင်နဲ့ချီဟာ ဘင်္ဂလာ ဘာသာရေး အစွန်းရောက်တွေ အကူအညီနဲ့ စစ်သင်တန်း တက်နေကြပါ။ အဲဒီဒေသက ဌာနေတိုင်းရင်းသားတွေဟာ ရက္ခိုင် တွေနဲ့ နီးစပ်တဲ့ သဘောရှိတာနဲ့ ARSA၊ RSO တွေရှိတာကို မသိစေချင်တာကြောင့် အကြံထုတ်လိုက်တာပါ။
အဲဒီမှာ သင်တန်းတက်ဖို့ ARSA၊ RSO ခေါင်းဆောင်တချို့ဟာ မူဆလင် ဒုက္ခသည်စခန်းက လူငယ်တွေကို မက် လုံးပေး စည်းရုံးတာတွေနဲ့ အတင်းအဓမ္မ စစ်သင်တန်းတက်ဖို့ လူသစ်စုဆောင်းပြီး ပို့တာတွေရှိပါတယ်။ နောက်ပြီးတော့ ဘင်္ဂလာ- ရက္ခိုင် နယ်ခြားကြား Zero Line ဇုန်မှာ လက်နက်တွေစုထားပါတယ်။ ARSA၊ RSO အကြမ်း ဖက်အုပ် စုတွေရဲ့ အန္တိမရည်မှန်းချက်က စစ်ကောင်စီဟာ ရက္ခိုင်ပြည်က ဆုတ်ခွာသွားချိန်မှာ ဘူးသီးတောင်၊ မောင်တောကို AA ဆီက တိုက်ယူမယ်ဆိုတာပါ။
ARSA၊ RSO ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေထဲမှာ စစ်ကောင်စီနဲ့ ရက္ခိုင်တို့ တိုက်ပွဲပြီးရင် ရက္ခိုင်နဲ့ သူတို့ တိုက်ပွဲတွေရှိသေးတယ်လို့ ကြွေးကြော်ထားတာကို သတိပြုမိဖို့ပါ။ ဒါ့အပြင် မူဆလင် အကြမ်းဖက်သမား တွေဟာ လှေနံ နှစ်ဖက် နင်းထားကြသူတွေပါ။
ဘာကြောင့်ပါလဲ။ စစ်ကောင်စီနဲ့လည်း ပေါင်းပြီး AA ကို တိုက်တယ်။ ဒါကအပေးအယူရှိပါတယ်။ စစ်ကောင်စီ အရေးနိမ့်ရင် AA ကို သီးသန့်တိုက်ပြီး နယ်စပ်ကို ထိန်းချုပ်ဖို့ ကြိုးစားတာမျိုးပါ။ ဒီအချက်ကို မြင်ရဖို့အတွက် မြေပြင်ကို တချက် နက်နက်ရှိုင်းရှိုင်းတွေးကြည့်ဖို့ လိုပါမယ်။
ARSA၊ RSO၊ ARA အကြမ်းဖက် အုပ်စု ထက်ဝက်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး AAကို တိုက်ခိုက်နေသလို ကျန်ထက်ဝက်ကတော့ ဒေသခံနဲ့ AA တပ်ဖွဲ့ဝင်တွေကို အပြင်ကနေ တိုက်ခိုက်နေတာပါ။ ဒီအုပ်စုတွေရဲ့ အဓိက ပန်းတိုင်ကတော့ ဘူးသီးတာင်၊ မောင်တောနဲ့ နယ်စပ်ကို ရတဲ့နည်းနဲ့ ထိန်းချုပ်ဖို့ပါပဲ။
နယ်စပ်မှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်နေတာလဲ
နယ်စပ်ဒေသက တိုက်ပွဲတွေဆိုတော့ စစ်ကောင်စီနဲ့ AA လို့ အားလုံးက ယေဘုယျထင်ကြပါလိမ့်မယ်။ အခု တော့ ဒီလိုမဟုတ်တော့ ပါဘူး။ ဒီတစ်ခါက ARSA၊ RSO၊ ARA အကြမ်းဖက်အုပ်စုတွေနဲ့ AA တို့ဖြစ်နေတဲ့ တိုက် ပွဲတွေကို ဆိုလိုတာပါ။
ပြီးခဲ့တဲ့လနဲ့ ဒီကနေ့ထိ ဘူးသီးတောင်၊ မောင်တော၊ မေယုတောင်ကြော တလျှောက်မှာ ARSA၊ RSO တွေ တိုက် ခိုက်လို့ အပြစ်မဲ့ အရပ်သား ၂၀ ထက်မနည်း သေဆုံး၊ ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ပါပြီ။ ဒါတွေက လောလော လတ် လတ်ဖြစ်စဉ်တွေပါ။ အရင်ကလည်း ဒီလိုမျိုးဖြစ်စဉ်တွေ အများအပြား ကြုံခဲ့ ပြီးပြီ။ ဒါကို နယ်စပ်ဒေသခံတွေ အသိဆုံး ဖြစ်ပါတယ်။
တခါ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း AA ထိန်းချုပ်ထားတဲ့ မောင်တောမြောက်ပိုင်း ဘင်္ဂလာ နယ်စပ်မှာ ARSA နဲ့ AA တို့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို တွေ့ကြမှာပါ။ ဒီနေ့အထိလည်း ရှိနေပါတယ်။ အဓိကတော့ AA ရဲ့ နယ်စပ်က လုံခြုံရေး စခန်းတွေ ရှိနေတာကို ARSA တို့ အုပ်စုက လုံးဝမလိုလားပါ။ ဘာကြောင့်လဲဆိုရင် နယ်စပ်မှာ သူတို့ရဲ့ မူးယစ်ဆေးဝါး စီးပွားရေး လုပ်ငန်းတွေ ထိခိုက်လို့ပါ။
ဒါ့အပြင် အောက်တိုဘာ ပထမအပတ်က RSO နဲ့ AA တို့ဟာ မောင်တော တောင်ပြိုကားလမ်း လိပ်ရကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တခါ ဘူးသီးတောင်မြို့နယ်၊ ရွှေထား (မူဆလင်) ရွာအနီးမှာ စခန်းချနေထိုင်တဲ့ ARSA စခန်းကိုလည်း အောက်တိုဘာ ပထမအပတ်ထဲမှာ AA က တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရပါတယ်။
RSO နိုင်ငံရေးမှူး ကိုကိုလင်းရဲ့ ပြောဆိုချက်ကို ကြည့်ရင် RSO မှာ အင်အား ၅,၀၀၀ နဲ့ ၆,၀၀၀ ကြား ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ သူတို့တွေအားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ARSA၊ ARA ထောင်ချီလည်း ရှိနေပါသေးတယ်။
နယ်စပ်တလျှောက်မှာ မူဆလင်အကြမ်းဖက် အဖွဲ့ဝင်တွေဟာ အရပ်သားယောင်ဆောင်ပြီးတော့ လှုပ်ရှား နေ တာကြောင့် AA ကလည်း နှိမ်နှင်းရ ခက်ခဲပါတယ်။ AA ရဲ့ အုပ်ချုပ်ရေး ယန္တယား မခိုင်မာသေးခင် ဒေသခံတွေ လုံခြုံရေး ဂရုစိုက်နေရတာကလွဲပြီး မတတ်နိုင်သေးပါဘူး။
ARSA၊ RSO၊ ARA အကြောင်း အကျဉ်း
ဒီအထဲမှာ စစ်ကောင်စီ သင်တန်းပေးထားတဲ့ ပြည်သူ့စစ် မူဆလင်တွေကို ဖယ်ထုတ်ပြီးတော့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာ တပ်မတော် (ARA) တို့ရဲ့ လာရာလမ်း အနည်းငယ်ကို ရှင်းပြချင်ပါတယ်။
ရက္ခိုင်ပြည်မှာ ၂၀၁၂ အဓိကရုဏ်းတွေ ဖြစ်ပြီးနောက် အရင်ကတည်းက ပုံစံအမျိုးမျိုးနဲ့ ရှိနေတဲ့ မူဆလင် စစ်သွေး ကြွတွေဟာ ၂၀၁၆ ခုနှစ်မှာ Arakan Rohingya Salvation Army (ARSA) လို့ အမည်သစ်ထွင်ပါတယ်။ ပြီးတော့ ၂၀၁၇ သြဂုတ်လမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောက မြန်မာ စစ်တပ်ရဲ့ နယ်ခြားစောင့်ကင်းစခန်း ၃၀ ကိုကျော်ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။
RSO အဖွဲ့ဟာလည်း ၁၉၈၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပြီး ပျောက်ကွယ်နေတာကြာပါပြီ။ ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ တဖန်ကိုယ်ထင်ပြလာပါတယ်။ ARA ကလည်း အာဏာသိမ်းပြီးနောက်မှာ မြင်ရတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ARA ဟာ ဘင်္ဂလာ နယ်စပ် နတ်မြစ်ကမ်းတစ်လျှောက်မှာ လှုပ်ရှားတဲ့ စစ်သွေးကြွ အဖွဲ့ သစ်တစ်ခုပါ။
ဒီအုပ်စုတွေကတော့ မေယုခရိုင်က မူဆလင်တွေကို ကာကွယ်မယ်ဆိုပြီး ကြွေးကြော်ပေမဲ့လည်း ဒေသနေ မူဆလင်တွေနဲ့ ဒုက္ခသည်စခန်းက ပြည်သူတွေကို ငွေညစ်တာ၊ ပြန်ပေးဆွဲတာတွေ လုပ်နေတာကြောင့် လူထု ထောက်ခံမှု မရှိကြပါဘူး။
ငါးမရတော့ တွင်းဖျက်တဲ့ စစ်ကောင်စီ ဗျူဟာ
တနိုင်ငံလုံး ခုခံစစ်နဲ့ အရူးမီးဝိုင်းဖြစ်နေရှာတဲ့ စစ်ကောင်စီဟာ အနောက်ဖက် စစ်မြေပြင်မှာဆိုရင် ရက္ခိုင် အသိုင်းအဝိုင်းနဲ့ မူဆလင်အသိုင်းအဝိုင်းကို ကာလရှည်ကြာ ရန်သူတော်တွေအဖြစ် ပုံသွင်းပြီး ဇာတ်ကားဟောင်းပြန် ရိုက်ပြပါတယ်။ ဒါကြောင့် ဒီတိုက်ပွဲမှာ AA ကိုနိုင်ဖို့ဆိုရင် ဘာပဲလုပ်ရ လုပ်ရ ဆုံးဖြတ်ချက်ရှိပါတယ်။ ရက္ခိုင်တိုက်ပွဲ တဖြည်းဖြည်း အရှိအဟုန်ပြင်းထန်လာတာနဲ့ ရသေ့တောင်မြို့ လက်လွှတ်ရချိန်မှာ စစ်ကောင်စီဟာ မဟာဗျူဟာမြောက် လျှို့ဝှက် အပေးအယူတခုကို မူဆလင် အကြမ်းဖက် အုပ်စုတွေနဲ့ လုပ်ခဲ့ပါတယ်။
အဲဒါကတော့ မူဆလင်တွေ အများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသ စစ်ရေးနဲ့ ပတ်သက်ပြီး စစ် ကောင်စီဟာ ARSA၊ RSO၊ ARA အုပ်စုတွေနဲ့ မဟာမိတ်ဖွဲ့ ပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဥပေဒနဲ့ ဆွဲသွင်းထားတဲ့ မူဆလင်တွေကိုလည်း ဒီမြေဟာ မင်းတို့မြေဖြစ်တယ်ဆိုပြီး မက်လုံးပေးပါတယ်။
AA ကို အနိုင်ရရင် ဘူးသီးတောင် မောင်တောကို မူဆလင်အကြမ်းဖက်အုပ်စုလက်ထဲကို နယ်မြေခွဲပြီး အုပ်ချုပ်ဖို့ အစီစဉ် ရေးဆွဲခဲ့ကြပါတယ်။ AA ကို တိုက်ထုတ်ပြီး ချိန်မှာ ဘူးသီးတာင်၊ မောင်တော မြောက်ဘက်ခြမ်း၊ မေယုတောင်တန်းနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မူဆလင် အုပ်စုကို အပိုင်အုပ်ချုပ်ခွင့်ပေးမယ်လို့ စစ်ကောင်စီက ကတိကဝတ်ပြု ခဲ့တယ်လို့ အကြောင်းသိသူတွေက ဆိုပါတယ်။
အဲဒီကတိကဝတ်ကို ဘူးသီးတောင် တပ်မမှူး၊ ဗိုလ်မှူး လှိုင်ဝင်းထွန်း၊ စရဖ ဗိုလ်ကြီး ခိုင်မင်းဇော်အပြင် သူတို့ အထက် အရာရှိကြီး အမည် ဖျောက်ထားတဲ့ သူတွေ ပါဝင်တယ်လို့ သိထားပါတယ်။
အဲဒီအချိန် ARSA၊ RSO၊ ARA အုပ်စုရဲ့ စဉ်းစားချက်ဟာလည်း နှစ်မျိုးရှိခဲ့တာပါ။ အဓိကတော့ မောင်တော နယ်စပ် မှာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနိုင်ဖို့နဲ့ အင်အားရှိလာရင် စစ်ကောင်စီကို တဖန် ပြန်တိုက်မယ်ဆိုတဲ့ အတွေး ရှိခဲ့တယ်လို့ မူဆလင်အသိုင်းအဝိုင်းက သိရတာပါ။ ဒါပေမဲ့ တွက်ချက်မှားခဲ့ပါတယ်။
ဒါ့အပြင် မောင်တောခရိုင်ဟာ မူဆလင်တွေရဲ့ မွေးရပ်မြေ ပိုင်နက်ဖြစ်ပြီးတော့ ဒီမြေကို ကာကွယ်ရမယ်၊ စစ်ပွဲ ပြီးရင် နိုင်ငံသား မှတ်ပုံတင်ပေးမယ်လို့ မူဆလင်ပြည်သူ့စစ်တွေကို စစ်ကောင်စီက မက်လုံးပေး စစ်မှုထမ်းခိုင်းခဲ့ပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံး ကြီးမားတဲ့ စစ်ရေးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရချိန် စစ်ကောင်စီဟာ ၂၀၁၄ ဖေဖော်ဝါရီမှာ ‘စစ်မှုထမ်း ဥပဒေ’ ကို ပြဌာန်းအသက်သွင်းတာပါ။ ဥပဒေအရဆိုရင် တရားဝင်နိုင်ငံသားတွေသာ အကျုံးဝင်ပေမဲ့ ‘ ၁၉၈၂ နိုင်ငံသား ဥပဒေ’ အရ ‘ ပြုနိုင်ငံသား ’ နဲ့ ‘ ဧည့်နိုင်ငံသား ’ တို့လည်း အကျူးဝင်တယ်လို့ လိုသလို ဆွဲထုတ် ပါတယ်။ ရက္ခိုင်တွေကို ပြည်သူ့စစ်စုလို့ မရနိုင်တာကို သိတာကြောင့် မူဆလင်တွေနဲ့ ရန်တိုက်ချင်လို့ တမင်တွန်းချတာလို့ မြင်နိုင်ပါတယ်။
ဒါ့အပြင် တချို့မူဆင်တွေဟာ နိုင်ငံသားမှတ်ပုံတင် တရားဝင်ရှိသလို ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်မှုကို သက် သေပြဖို့ မရှင်းမလင်းဖြစ်နေသူတွေလည်းရှိနေပါသေးတယ်။ ဒီကိစ္စကို နောင်လာနောင်ဈေး သဘော ထားပြီး အဓိက အရေးကြီးနေတဲ့ စစ်သားသစ်ရဖို့အတွက် ‘ မူဆလင်တွေဟာ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့် တောင်း ဆို တယ်’ လို့ စစ်ခေါင်းဆောင်က စကားလှချီပြီးတော့ ရက္ခိုင် ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်တာပါ။ ဒါတွေဟာ မူဆလင်တွေကို စစ်သားဒိုင်းကာအဖြစ် အသုံးချလိုက်တာပါ။
ဒါပေမဲ့လည်း မူဆလင်အချို့ဟာလည်း စစ်မှုထမ်းခြင်း ဖိအားပေးသက်သက်မဟုတ်ဘဲ၊ နဂိုကတည်းက ရက္ခိုင် တွေကို အမုန်းပွားနေတာကြောင့် အလိုတူ အလိုပါ စစ်ကောင်စီနဲ့ ပူးပေါင်းကြတာပါ။ အဲဒီ အုပ်စုမှာ နိုင်ငံခြား ရောက် မူဆလင်တက်ကြွလှုပ်ရှားသူတွေနဲ့ ချိတ်ဆက်ပြီး သတင်းအမှား ဝါဒဖြန့် မှိုင်းတွေ ထည့်ပေးပါတယ်။
ဒါကြောင့် တိုက်ပွဲ အလီလီ အောင်မြင်လာတဲ့ အာရက္ခတပ်တော်အတွက် ဘူးသီးတောင်၊ မောင်တော မြို့သိမ်း တိုက်ပွဲတွေမှာ မူဆလင်နဲ့ ရက္ခိုင်အသိုင်းအဝိုင်းတွေဆီကို လူမျိုးရေးဝါဒမှိုင်းကနေ ပဋိပက္ခနောက်တဆင့်ကို တွန်းပို့ စေခဲ့ပါတယ်။ ဒါကို စစ်ကောင်စီက နောက်ကွယ်ကနေ အားပေးအားမြှောက်ပင့်လုပ်ပြီး AA ထိုးစစ် ဦးကျိုးနိုင်တယ်လို့ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အချည်းနှီးဖြစ်ခဲ့ပါတယ်။
မောင်တော တိုက်ပွဲဖြစ်စဥ်တွေမှာ ဘင်္ဂလာသို့ စစ်ဘေးရှောင်ဖို့ လုပ်နေတဲ့ မူဆလင်တွေ ကို AA က Drop Bomb နဲ့ တိုက်ခိုက်လို့ လူရာနဲ့ချီ သေခဲ့ရတယ်ဆိုပြီး မူဆလင်အရေး လှုပ်ရှား တယ်လို့ အမည်ခံ ပြည်ပရောက် အုပ်စုတွေက စွပ်စွဲကြသလို၊ ဘူးသီးတောင်မြို့ တိုက်ပွဲတွေမှာလည်း AA ဟာ မူဆလင် နေအိမ် ၅၀၀၀ ကျော်ကို မီးရှို့ခဲ့တယ် လို့ ဝါဒဖြန့်ခဲ့ကြပါတယ်။ တကယ့်မြေပြင်မှာက ရခိုင်နေအိမ်တွေကို မူဆလင် ပျူစောထီး ပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းကျူးလွန်ခဲ့တာကို AA က အချက်အလက်တွေနဲ့ ပြသလို မြေပြင်က မျက်မြင်တွေကလည်း မီဒီယာတွေမှာ ထုတ်ပြောခဲ့ကြပါတယ်။
ဒီလိုအရှုပ်ထွေးတွေနဲ့အတူ လူတွေကို အံ့ဩသင့်စေတာက စစ်ကောင်စီနဲ့ ARSA၊ RSO၊ ARA စတဲ့ ဗျူစောထီး မူဆလင် တို့ မဟာမိတ် ဖွဲ့လိုက်တာပါ။ နောက်ပြီး ARSA၊ RSOတွေဟာ ဘင်္ဂလာရောက် ဒုက္ခသည်စခန်းတွေဆီက လူငယ်တွေကို အတင်းစုဆောင်းပြီး စစ်ကောင်စီထံ စစ်သားသစ်ရောင်စားခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ရက္ခိုင်ပြည်မှာ AA အင်အားကြီးလာတာကို ထိန်းညှိဖို့နဲ့ နိုင်ငံရေး ကစားဖို့ မြန်မာ စစ်တပ်ဟာ ဦးသိန်းစိန် ကြံ့ခိုင်ရေး အစိုးရလက်ထက်ကတည်းက ARSA နဲ့ ညှိနှိုင်း မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အဆင်မပြေတော့ ၂၀၁၇ က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA က တိုက်ခိုက်ပြီးနောက် စစ်တပ်က ပြင်းပြင်းထန်ထန် ဒေါပွခဲ့ပါတယ်။ ဒါကြောင့် အထူးစစ်ဆင်ရေးဆင်နွှဲကာ သိန်းနဲ့ချီတဲ့မူဆလင်တွေကို ဘင်္ဂလားဒေ့ရှ်သို့ နှင်ထုတ်ခဲ့ပါတယ်။
ဒါတောင်မရသေး မြေပြင်မှာလည်း ရာနှင့်ချီတဲ့ မူဆလင်တွေကိုလည်း အစုံလိုက်အပြုံလိုက် လူမျိုးတုန်း သတ် ဖြတ်မှု ဂျီနိုဆိုက် ကျူးလွန်ခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ အကြမ်းဖက် စစ်ကောင်စီဟာ အကြမ်ဖက် အချင်းချင်းပေါင်းပြီးတော့ မိုက်မဲတဲ့ ဆုံးဖြတ်ချက်နဲ့ မောင်တောဒေသမှာ အရှုပ်ထုတ်တွေ ထားခဲ့မယ့် စီမံကိန်းကို အကောင်အထည်ဖော်နေတာပါ။
အဲဒီအထဲမှာ တခါ ARSA၊ RSO ဟာလည်း မူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ နယ်စပ်တကြော အုပ်စိုးရေးမှာ အချင်း ချင်းကြား မကြခဏ ပြဿနာတွေ ရှိပါတယ်။ ညှိနှိုင်းမရတဲ့ အချိန် မထင်ရင် မထင်သလို အချင်းချင်း ပစ်ခတ် မှုတွေလည်း ရှိနေတာပါ။ ဒါပေမဲ့ တူညီတဲ့ အချက်ကတော့ ဘူးသီးတောင် မောင်တောဒေသဟာ သူတို့ပိုင်နက် နယ်မြေ၊ မွေးရပ်မြေဆိုပြီးတော့ ဒေသခံတွေနဲ့ AA ကိုပြန်တိုက်မယ်ဆိုတဲ့ ဗျူဟာရှိနေတာပါ။
ဒါ့အပြင် လက်ရှိမှာတော့ ARSA အဖွဲ့ဟာ မောင်တောခရိုင်မှာ ဒေသတည်ငြိမ်မှု ပျက်ပြားစေဖို့ ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှု တလကို အနည်းဆုံး သုံးကြိမ်ထက်မနည်း လုပ်ရမယ်လို့ မူဝါဒ ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် မောင်တောခရိုင်မှာ နေထိုင်ကြတဲ့ ရက္ခိုင် သက်၊ ခမီ၊ မြို၊ ဟိန္ဒူ၊ ဒိုင်းနက် စတဲ့ ဌာနေတိုင်း ရင်းသား တွေကို မကြာခဏ သတ်ဖြတ်နေတာပါ။
နောက်ပြီးတော့ မူဆလင်အကြမ်းဖက်အုပ်စုတွေနဲ့ ပြည်ပရောက် မူဆလင်တွေပူးပေါင်းပြီး AA အပါ်လုပ်ကြံ သ တင်းတွေ ဝါဒဖြန့်ချိရေးတွေ တောက်လျှောက် လုပ်ဖို့အစီစဉ်ရှိနေပါတယ်။ AA ရဲ့ တော်လှန်ရေး ဂုဏ်သိက္ခာညှိုး နွမ်းစေဖို့ ကမ္ဘာကသိအောင် ပြည်ပရောက် မူဆလင်တွေနဲ့ အချိန်ကိုက် အခါကိုက် လုပ်ပြမယ်လို့ ဆိုပါတယ်။
မူဆလင်တွေအပေါ် AA ရဲ့ မူဝါဒ
မူဆလင်အရေးနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်ရဲ့ ရပ်တည်ချက်ကတော့ လူမှုစီးပွား သဟဇာတနဲ့ ငြိမ်းချမ်းရေး ကို အခြေခံတာတွေ့ရပါတယ်။ အရင်ကာလတုန်းက ဖြစ်ခဲ့တဲ့ ရက္ခိုင်နဲ့ မူဆလင် အသိုင်းဝိုင်းကြားက ပဋိပက္ခတွေမှာ စစ်တပ် အုပ်စုရဲ့ နိုင်ငံရေး အမြတ်ထုတ် ကစားကွက်ဆိုတာကို AA ခေါင်းဆောင်တွေ ကောင်းကောင်း နားလည်ပုံရပါတယ်။
ရက္ခိုင်ပြည်မှာ ရက္ခိုင်အသိုင်းအဝိုင်းနဲ့ မူဆလင် အသိုင်းအဝိုင်းကြား လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ကြီးမားတဲ့ ပဋိပက္ခတွေ ၁၉၄၂ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့ ဆိုးကျိုးတွေကို နှစ်ဖက်စလုံးက အလူး အလဲ ခံစားခဲ့ရတာကြောင့် ဒီကနေ့ ဒီအချိန်မှာ ဘယ်ဖက်ကမှ နောက်တကြိမ် မဖြစ်လိုတော့ပါဘူး။ ဆင်ခြင်တုံ အသိ ဉာဏ်တွေ ရှိနေကြပါပြီ။
ဒါကြောင့် AA ဟာ ဒေသနေ မူဆလင်တွေကို ဌာနေလူမျိုးတွေနဲ့ တတန်းတည်း နိုင်ငံသား အခွင့်အရေး တန်းတူ ညီမျှမှုကို အာမခံထားလို့ရှိနေတာတွေ့ပါတယ်။ ဒီကနေ့ မြေပြင်မှာလည်း လူမျိုးရေး ခွဲခြားဆက်ဆံတာတွေမရှိဘဲ ပြန်လည် ကယ်ဆယ်ရေးတွေ ပြန်လည် တည်ဆောက်ရေးတွေ လုပ်နေပါတယ်။
အပိုင်း (၂)
အာရက္ခပြည်မှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး ကဏ္ဍမှာ၊ မူဆလင် အသိုင်းအဝိုင်းကလည်း ငြိမ်းချမ်းစွာ အတူတကွနေထိုင်ဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာ အာရက္ခပြည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ ဝန်ဆောင်မှု စတဲ့ လုပ်ငန်းတွေမှာ မူဆလင်တွေနဲ့ လက်တွေ့ကျကျ လုပ်နေသူတွေလည်းတွေ့ပါတယ်။ ဒါကြောင့် AA ထိန်း ချုပ်ဒေသတွေမှာ လူမျိုးရေး ပဋိပက္ခတွေမရှိဘဲ စစ်ကောင်စီ ထိန်းချုပ်နေရာတွေမှာဘဲ ရှိနေတာပါ။
အခြားတစ်ဖက်မှလည်း AA ရဲ့ မူဝါဒက ရှင်းလင်း ပြတ်သားပါတယ်။ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲတွေမှာ ARSA၊ RSO၊ ARA တို့ဟာ စစ်ကောင်စီနှင့် ပူးပေါင်းပြီး တိုက်ခိုက်နေတာရယ်၊ နယ်စပ်ဒေသနဲ့ မေယုတောင် ကြော မှာ ဒေသခံတွေကို သတ်ဖြတ်နေတာကြောင့် ARSA၊ RSO၊ ARA အကြမ်းဖက်အုပ်စုကို ပြတ်ပြတ် သားသား ချေ မှုန်း သွားမယ်လို့ ကြေညာထားတာပါ။
တခါ အရင်ကတည်းက AA ခေါင်းဆောင်တွေဟာ မူဆလင်အရေးနဲ့ ပတ်သက်ဆက်နွယ်လာမယ့် စိန်ခေါ်မှု၊ ရှုပ်ထွေးမှုတွေကို နိုင်ငံရေး အခင်းအကျင်းတွေအပေါ် အထူးသတိထားပြီး ကိုင်တွယ်ခဲ့ပါတယ်။ အခုမြေပြင်မှာ မူဆလင်တွေနဲ့ လူမူသဟဇာတ ဖြစ်ရေးကို မြှင့်တင်တာတွေ ရှိနှင့်နေပါပြီ။
ဒါတွေကို မိစ္ဆရိယဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ပြည်ပနေ မူဆလင်အုပ်စုတွေကတော့တိုက်ပွဲတွေကို အကြောင်းပြပြီး အကဲဆတ်တဲ့ လူမျိုးရေး၊ ဘာသာရေး စတဲ့ အနာဟောင်းတွေကို ထူးဆွ မီးမွှေပေးနေဆဲပါ။ မူဆလင်အရေး တက်ကြွသူ ပြည်ပနေသူတို့ဟာလည်း ရက္ခိုင်ပြည်မှာ ပဋိပက္ခတွေ ဆက်ရှိနေရင် သူတို့အတွက် အကျိုးစီးပွားတွေ ရရှိတာကြောင့် ရက္ခိုင်အရေးကို တောက်လျှောက် အဆိုးမြင် ဝါဒီရှိကြပါတယ်။ ဆိုတော့ AA ဟာ ဒီကာလမှာ စစ်ကောင်စီ၊ အာဆာအုပ်စု၊ လူမျိုးရေး အကဲဆတ်မှုစတဲ့ ဆော့ဝဲလ်၊ ဟတ်ဝဲလ် နှစ်ခုလုံးကို ရင်ဆိုင်နေရပါတယ်။
နယ်စပ်မှာ သေနတ်သံတွေ ဆက်ရှိမယ်
ဒီကနေ့ ရက္ခိုင်- ဘင်္ဂလာနယ်စပ် မောင်တောမြို့မှာ နောက်ဆုံးလက်ကျန် နခခ ၅ တိုက်ပွဲ ပြင်းထန်ဆုံး အဆင့်မှာ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် နခခ ၅ ဟာ မကြာမီ AA လက်ထဲကျတော့မှာပါ။ ဆိုတော့ မောင်တောခရိုင်တခုလုံးမှာ စစ်ကောင်စီ ကင်းစင်သွားရင်တောင် နောက်ထပ် သေနတ်သံတွေ ဆက်ရှိနေဦးမှာပါ။
ဒီတခါ တိုက်ပွဲကတော့ စစ်ကောင်စီနဲ့ AA မဟုတ်တော့ပဲ မူဆလင်အကြမ်းဖက် အုပ်စုနဲ့ AA ပါ။
ဆောင်းပါး အစပိုင်းမှာ ပြောခဲ့သလိုပဲ ရက္ခိုင်စစ် မြေပြင်ကို အကဲခတ်ပြီးတော့ အကြမ်းဖက် မူဆလင်အုပ်စုတွေက စီမံကိန်းရေးဆွဲ ထားပြီးသားပါ။ ဒီတိုက်ပွဲတွေအတွက် အင်အားစုနေတာကတော့ အထက်ကပြောခဲ့ဖူးတဲ့ စစ်တကောင်းတောင်တန်းဒေသမှာ စစ်သင်တန်းတက်နေတဲ့ ARSA၊ RSO တို့ ဘူးသီးတောင်၊ မောင်တောထဲကို မေယုတောင်ကြောက ဝင်နေပါပြီ။
ဒီနေ့မှာလည်း ဘင်္ဂလာဒုက္ခသည်စခန်းက လူငယ်တွေကို ARSA က စည်ရုံးပြီး၊ လူသစ်စုနေပါသေးတယ်။ သူတို့ရဲ့ ဝါဒ ဖြန့်ရေးဟာ မောင်တောခရိုင်ဟာ သူတို့ဌာနေဖြစ်ပြီးတော့ အလာလ်ရှင်မြတ်ခွင့်ပြုချက်နဲ့ အသက် စတေးခံပြီး AA ကို တိုက်ထုတ်ရမယ်လို့ ဆိုပါတယ်။
နောက်တချက်က ဒီကနေ့မှာ AA ကို တိုက်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မူဆလင်လက်နက်ကိုင် အုပ်စုတွေကို စစ်ကောင်စီက လက်နက်ခဲယမ်းအပြားထုတ်ပေးထားပြီးဖြစ်ပါတယ်။ သူတို့ထွက်သွားရင် ဒီဒေသမှာ ပြဿနာတွေ ဗရပွနဲ့ ကျန်ခဲ့ရမယ်ဆိုတဲ့ သန္ဓိဌာန်နဲ့ လိုအပ်သမျှ လက်နက်တွေကို စစ်ကောင်စီက ပေးထားတာပါ။
မြင်သာတဲ့ အချက်တခုမှာ အောက်တိုဘာ ပထမအပတ်က မောင်တောမြောက်ပိုင်း လိပ်ရ ကျေးရွာအနီးမှာ AA နဲ့ RSO တို့ ထိတွေ့တိုက်ပွဲရှိခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ RSO အဖွဲ့ထံမှ MA-2 ၊ G3 စတဲ့ စစ်ကောင်စီ ကပစ ထုတ် သေနတ်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်း ဆည်းရမိခဲ့တာပါ။ ဒါ့အပြင် ဘူးသီးတောင်မြို့နယ်၊ ရွှေထား (မူဆလင်) ရွာအနီးမှာ ARSA စခန်းတခုကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အခါလည်း ကပစ ထုတ် လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ AA ကထုတ်ပြပါတယ်။
ဒါ့အပြင် မူဆလင် အကြမ်းဖက်အုပ်စုတွေမှာ အခြား အစ္စလမ်မစ်နိုင်ငံ အကြမ်းဖက်သမားတွေဆီက ထောက်ပံ့ ပေးတဲ့ ခေတ်မီလက်နက်တွေလည်း ရှိနေပါသေးတယ်။ AA ကို စစ်ဆင်ရေးလုပ်ဖို့ လိုအပ်တဲ့ နောက်ထပ် အသစ်တွေ ဝယ်ထားတယ်လို့လည်း သတင်းကြားနေရပါတယ်။
တချိန်တည်းမှာ AA ရဲ့ မောင်တောတိုက်ပွဲ ရှည်ကြာနေရတာဟာ ဒီမွတ်ဆလင်အကြမ်းဖက် အုပ်စုတွေက နှောက်ယှက်နေတာလည်း တခုအပါဝင်ဖြစ်ပါတယ်။ နခခ ၅ အထိနာ နေချိန်မှာ မေယုတောင်တန်းမှာ ARSA အုပ်စုက AA ကို တိုက်ပွဲ ခေါ်ပါတယ်။ ဆိုလိုတာက နောက်ကနေ ချောင်းမြောင်းပစ်ခတ်တာပါ။ အဲဒီမှာလည်း အာရက္ခတပ်တော်က အရံ အင်အားနဲ့ သွားပြီး နှိမ်နှင်းရပါတယ်။ AA ကို ခြိမ်းခြောက်ဖို့နဲ့ အဆင်မပြေရင် ဒေသခံတွေကို အကြမ်းဖက် သတ်ဖြတ်ဖို့ ARSA အုပ်စုက လုပ်နေပါတယ်။ စစ်ကောင်စီ စစ်ရေး သက်သာအောင် အပြင်ကနေ အနှောက်အယှက်ပေးနေတာဖြစ်ပါတယ်။
နယ်စပ်ဒေသ ပထဝီနဲ့ အကြမ်းဖက်အုပ်စုခိုနားရာ
နယ်စပ်ဒေသက ပြဿနာ အရှုပ်ထွေးကိုလေ့လာတဲ့ အခါ ပထဝီဝင်အနေထားကိုလည်း သိဖို့လိုပါတယ်။ ရက္ခိုင်- ဘင်္ဂလာ နယ်စပ်ဟာ မိုင်ပေါင်း ၁၈၀ ကျော်ရှည်လျားပါတယ်။ နယ်စပ်တလျောက်မှာလည်း တံခါးမရှိ၊ ဓားမရှိဆို သလို ခိုးဝင် ခိုးထွက် ပေါက်တွေ အများကြီးရှိပါတယ်။
မောင်တောမြို့နယ်ဟာ မေယုတောင်တန်းကြီး၊ ဘင်္ဂလားပင်လယ်အော်နဲ့ နတ်မြစ် အနားသတ်မျဉ်းကြားမှာ သေးသေးသွယ်သွယ် ကမ်းမြောင်ဒေသပါ။ တောင်မြောက်ရှည်လျားပါတယ်။ မောင်တောမြို့က ဗဟိုချက်မ နေရာပါ။ တောင်ပိုင်း အငူမော် ကနေ မောင်တောအထိ မိုင် ၅၀ နဲ့၊ ဘင်္ဂလားပင်လယ်နဲ့ မေယုတောင်ကြားမှာ ရွာချင်း ဆက်လမ်းတွေရှိပါတယ်။
ဒီတခါ မြောက်ပိုင်းကို သွားကြည့်ရအောင်ပါ။ မောင်တော ၃ မိုင်ရွာဟာ တောင်နဲ့မြောက်ဆုံချက်နေရာပါ။ ၃ မိုင် ကနေ ဘင်္ဂလာနယ်စပ် ဗန္ဓုလအထိ ကားလမ်းမကြီးရှိပါတယ်။ အဲဒီ လမ်းမကြီးကို မောင်တော- ကြိမ်ချောင်း- ဗန္ဓုလလမ်းလို့ ခေါ်ပါတယ်။ အဲဒီလမ်းမှာ အရှေ့အနောက် လမ်းခွဲတွေလည်း ရှိပါသေးတယ်။ ရန်အောင်ပြင် – တောင်ပြိုလက်ဝဲ လမ်ပိုင်းနဲ့ ခမောင်းဆိပ် – အောင်ဇံလမ်း၊ ကြိမ်ချောင်း- ဂြိတ်ချောင်း- ဂုပ္ပီ (ဘူးသီးတောင်) လမ်း ပိုင်းတို့ပါ။
ဘာလို့ ဒီအကြောင်းကို ရှင်းပြနေရလဲဆိုရင် ARSA၊ နဲ့ အကြမ်းဖက် အဖွဲ့တွေ လှုပ်ရှားတဲ့နေရာတွေကို မြင်သာ အောင်လို့ပါ။
မောင်တောမြို့နယ် အားလုံးကို AA ထိန်းချုပ်ထားပြီးဖြစ်ပေမဲ့လည်း AA မစိုးမိုးနိုင်သေးတဲ့ နေရာတွေ မောင်တော မြောက်ပိုင်းမှာ ရှိနေတာပါ။ မောင်တော မြောက်ပိုင်းမှာ ပင်မ မေယုတောင်တန်းကြီးနဲ့ အပြိုင် အနောက်မှာ လက်ပံတောင်ကြော ကြီးလည်း ရှိနေပါသေးတယ်။
လက်ပံတောင်ကြောကြီးဟာ ခမောင်းဆိပ်၊ မင်းကြီးရွာကနေ အောင်ဇုန်ရွာတို့ ဝေလာတောင်တို့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဆုံးပါတယ်။ အဲဒီတောင်ကြောကို AA စိုးမိုးထိန်းချုပ်နိုင်ပါတယ်။ မေယုတောင်ကြောကြီးကတော့ မောင်တော၊ ဘူသီးတောင်မြို့နယ်ကို ခွစီးပြီး ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းတွေနဲ့ ဆက်သွားပါတယ်။
တောနက်တာကြောင့် ARSA တို့ အုပ်စု လှုပ်ရှားပြီးတော့ AA ကလည်း မနိုင်မနင်းဖြစ်နေပါတယ်။ မေယုတောင် ရိုးက စစ်တကောင်းဒေသကို ARSA အုပ်စုတွေ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေနိုင်ပါတယ်။ နောက်ပြီး မောင်တော သုံးမိုင်- ဗန္ဓုလလမ်းမကြီးဟာ မေယုတောင်ခြေအောက်ကနေ သွားနေတာကြောင့် အကြမ်းဖက် သမားတွေ ကြိုက်တဲ့နေရာဆင်းလာပြီး ဒေသခံ ခရီးသွားတွေကို အန္တရာယ်ပြုနိုင်တာပါ။ ပြုနေတာလည်း တွေ့မှာ ပါ။ လုံခြုံရေး အထူးစိုးရိမ်ရတဲ့ အနေအထားပါ။
နောက်ထပ် သတိထားရမယ့် နေရာတွေလည်း မောင်တောမြို့အနီးနားမှာ ရှိနေပါသေးတယ်။ နတ်မြစ်ကမ်းခြေ ဘင်္ဂလာနဲ့ တဖက်တကမ်း ကျေးရွာတွေပါ။ ဘင်္ဂလာ- ရက္ခိုင်နယ်စပ် နတ်မြစ်ကမ်းတလျောက် အနီးနားက အိမ် ခြေ ထောင်ချီရှိနေတဲ့ မူဆလင်ကျေးရွာကြီး တွေဖြစ်ပါတယ်။ ARA ရဲ့ အမာခံ နယ်မြေဖြစ်သလို့ ARSA၊ RSO အဖွဲ့ နဲ့ သူတို့ကိုထောက် ခံသူတွေနဲ့ အမာခံတွေ ရွာထဲမှာ စိမ့်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ AA နဲ့ ဒေသခံတွေရဲ့ ဒေသ တွင်း လှုပ်ရှားမှုသတင်း တွေကို ထောက်လှမ်း ပေးပါတယ်။ ဆက်သွယ်ရေးလိုင်းဖြတ်တောက်လို့ မရနိုင်ပါဘူး။ ဒီဒေသမှာ ဘင်္ဂလာဖုန်း ဆင်းကတ်သုံးတာကြောင့် လုံခြုံရေး သတင်းတွေ ကျိုးပေါက်ဖို့ လွယ်ကူပါတယ်။
မောင်တောမြောက်ပိုင်းသို့ ကုန်စည်ရောင်းဝယ်ရေးဖြစ်ဖြစ်၊ လူမှုကိစ္စနဲ့ဖြစ်ဖြစ် ခရီးသွားတဲ့ ဒေသခံ သွားလာမှု တွေကို အချိန်နဲ့ တပြေးညီ သတင်းပေးထားတာကြောင့် အကြမ်းဖက်အုပ်စုတွေက လူပြတ်တဲ့ နေရာကနေ ဒေခံ တွေ သတ်ဖြတ်ခံရတာပါ။
ဒါ့အပြင် ဘူးသီတောင်ဒေသမှာလည်း ဒီလို အခြေအနေအများအပြား ရှိနေပါတယ်။ အဓိက မယူတောင်ကြော ထဲမှာ ARSA တွေ စိမ့်ဝင်လှုပ်ရှားတာကြောင့် ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ထင်းခုတ်၊ ဟင်းရှာ မသွားရဲတဲ့ အခြေအနေပါ။ အုပ်စုလိုက်သွားတာတောင် အကြမ်းဖက်သတ်ဖြတ်ခံနေရတာပါ။ ဘူးသီတောင်မြို့နယ်မှာလည်း တောင်ပိုင်း ကို AA က စိုးမိုးထိန်းချုပ်နိုင်ပေမဲ့ မြောက်ပိုင်းမှာ ခက်ခဲနေဆဲပါ။
ပြီးခဲ့တဲ့ လပိုင်းကလည်း ဘူးသီးတောင် တောင်ပိုင်း ညောင်ချောင်းအနီးက မေယုတောင်ကြောမှာ AA စခန်းကို ARSA တိုက်ခိုက်လို့ AA တပ်ဖွဲ့ဝင် အချို့ကျဆုံးတာ ရှိခဲ့ပါတယ်။ ဒီကာလမှာ ရက္ခိုင်ပြည်အနှံ့ စစ်ပွဲတွေ ပြင်းထန် နေတာကြောင့် AA ကလည်း ARSA၊ RSO တို့ကို အလုံးစုံ နှိမ်နှင်းရေး၊ အမြစ်ပြတ် ချေမှုန်းရေးမှာ အားသွန်ခွန် စိုက် မလုပ်နိုင်သေးတာတွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာ AA ဟာ တခြားလက်နက်ကိုင် အုပ်စုတွေနဲ့ မတူညီတဲ့ တော်လှန်ရေးစစ်ပွဲတွေကို တိုက်ခိုက်နေရပါတယ်။ ဆိုလိုတာက အာရက္ခပြည် သိမ်းတိုက်ပွဲတွေနဲ့ အတူ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခ၊ ARSA အုပ်စု အန္တရာယ်တွေထဲက အားလုံး ကင်းစင်နယ်မြေဖြစ်အောင် ကြီးလေးတဲ့ တာဝန်တွေကို တပြိုင်နက် တွန်းလှန် နေရတာပါ။
ဒါကြောင့် ဘူးသီးတောင်၊ မောင်တောဒေသမှာ စစ်ကောင်စီ ကင်းစင်သွားရင်တောင် ARSA၊ RSO တို့အုပ်စုနဲ့ စစ် ရေးပဋိပက္ခတွေရှိနေအုံးမှာပါ။ ဆက်စပ်ပြီးတော့လည်း လူမျိုးစုနှစ်ခုကြား လူမျိုးရေး၊ ဘာသာရေး လှုံဆော်မယ့် ဝါဒဖြန့်မှုတွေလည်း ကြီးကြီးမားမား ဆက်ရှိလာနေသေးတာကို မြင်မိကြမှာပါ။
ခြုံငုံပြီး ဆောင်းပါး အနှစ်သာရ ပြန်သွားရရင် AA နဲ့ ဘင်္ဂလာ အာဏာပိုင်တို့ဟာ နယ်စပ်မှာ နည်းလမ်းမျိုးစုံနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေရှိနေပါတယ်။ တရားဝင်ထုတ်ပြောဖို့ ခက်ခဲလို့ လျှို့ဝှက်ထားရခြင်းသာဖြစ်ပါတယ်။ ဒီဆွေးနွေး ချက်တွေမှာ AA ဖက်က ရက္ခိုင်- ဘင်္ဂလာ ကုန်သွယ်စီးပွား၊ နယ်စပ်လုံခြုံရေးတွေကို ဦးစားပေးပြောပါတယ်။ ဘင်္ဂလာ အာဏာပိုင်တွေကတော့ သူတို့ဆီမှာရောက်နေတဲ့ မူဆလင် ဒုက္ခသည်အရေးကို AA လက်ထဲ နှင်းအပ်ချင်တဲ့ သဘော ကို မြင်ရပါတယ်။
ဘင်္ဂလာအာဏာပိုင်တွေဘက်က တွေးကြည့်ရင်လည်း လူပေါင်းသန်းနဲ့ ချီရှိနေတဲ့ သူတို့နိုင်ငံက ဒုက္ခသည် စခန်း တွေမှာ ARSA၊ RSO အုပ်စုတွေရဲ့ အကြမ်းဖက်မှုတွေနဲ့ မူးယစ်ဆေးဝါးပျံနှံလာမှုဟာ ဘင်္ဂလာလူ့အဖွဲ့အစည်းအ တွက် ကြီးမားတဲ့ စိန်ခေါ်မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်တွေ့ မြေပြင်မှာ အခြေအနေရှုပ်ထွေးမှုတွေ၊ မူဆလင် ဒုက္ခသည်တွေအရေးနဲ့ နယ်စပ်ဒေသ ကိစ္စတွေ ကို ကိုင်တွယ်နေတဲ့ ဘင်္ဂလာ စစ်ထောက်လှမ်းရေး (DGFI)၊ အမျိုးသားထောက်လှမ်းရေး (NSI) နဲ့ နယ်ခြားစောင့်တပ် (BGB) စတဲ့ လုံခြုံရေး အေဂျင်ဆီ အရာရှိတွေမှာလည်း သူတို့ ရရှိထားတဲ့ အကျိုးစီးပွား ရှုပ်ထွေးမှုရှိနေပါသေးတယ်။
ဒီတော့ ရက္ခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ပါဝင်ပတ်သက်နေသူတွေရဲ့ လှုပ်ရှားမှု ပုံစံတွေကတော့ အတော မ သတ်နိုင်ပါဘူး။ တင်းမာမှုတွေ အမြန်ကြီးထွားနေပြီး မောင်တောဒေသမှာ ပြည်သူတွေရဲ့ အသက် အန္တရာယ်လုံခြုံရေးမှာ ကြီးလေးတဲ့ စိန်ခေါ်မှုကြီးကို ဖြတ်ကျော်ရအုံးမှာပါ။
ဒါတွေကတော့ ရက္ခိုင်-ဘင်္ဂလာ နယ်စပ် ပဋိပက္ခတွင်းနက်ကြီး ဒါမှမဟုတ် ပဋိပက္ခဖြစ်နိုင်ခြေ အတိမ်အနက် ကို ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက် ဆွေးနွေးခဲ့တာပါ။
သီအိုရီသဘောအရဆိုရင် ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ မောင်တောဒေသက နယ်စပ်တလျှေက်မှာ မူးယစ် ဆေးကိစ္စတွေ၊ အကြမ်းဖက် လုပ်ငန်းတွေဟာ အထူးအဆန်းမဟုတ်တော့ဘူးလို့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ မကြာမီ ကာလတခုမှာ မောင်တော နယ်စပ်နဲ့ နိုင်ငံရေး ပဋိပက္ခ တွင်းနက်ကြီးဟာ ဒီထက်မက ပိုပြီး ရှုပ်ထွေးနက်နဲလာ ဖို့ရှိနေဆဲပါ။
ဆိုတော့ခါ ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပဋိပက္ခကို နားလည်ဖို့ကြိုးစားရာမှာလူတွေရဲ့စိတ်ထဲမှာ အပူတပြင်း သိချင်တဲ့ မေးခွန်းတွေကို အတိုင်းတာတခုလောက် သိခဲ့ရမှာပါ။ နောက်တခုက ဘာတွေ ဖြစ်နေတာလဲ။ ဘယ်လို ဖြစ်ခဲ့ တာလဲ။ နောက်ဘာဖြစ်လာနိုင်သလဲ။ ဆိုတာကို ကိုယ့်ဘာသာကိုယ် တစိမ့်စိမ့်တွေးဖို့ တိုက်တွန်း ရကြောင်းပါခင်ဗျား။