သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းတွင် တိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကျည်များ မြို့ထဲတွင် ကျရောက်ပေါက်ကွဲမှုရှိ

AB News-အောက်တိုဘာ ၂၉၊ ၂၀၂၄

ရက္ခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ၎င်း၏ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များအား အာရက္ခတပ်တော်က ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် နေ့ည အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကျည်များ အမ်းမြို့သစ်/ မြို့ဟောင်းရှိ ရပ်ကွက်များအတွင်း လက်နက်များ ကျရောက်ပေါက်ကွဲမှုများရှိကြောင်း အမည်မဖော်လိုသည့် အမ်းမြို့ဟောင်း ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

“လေယာဥ်နဲ့ အဆက်မပြတ် လာပစ်နေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ရပ်ကွက်ထဲတွေမှာ ကျတာတွေရှိတယ်။ ဘယ်နေရာလဲ ဘယ်လောက်ပျက်စီးလဲဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ သွားကြည့်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ သတိထားပြီးနေနေရတယ်။” ဟု ပြောသည်။

MPT၊ Mytel ဆက်သွယ်ရေး ဖုန်းလိုင်း အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံထားရပြီး ကမ်းရိုးတန်းသုံးဖုန်းလိုင်းဖြင့်သာ ဆက်သွယ်ရနိုင်တော့ကြောင်း ၎င်းကဆက်ပြောသည်။

အမ်းမြို့ထဲတွင် ဗုံးခိုကျင်းများ တူးလျှင် အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးမှုများရှိသည့်အတွက် ဗုံးခိုကျင်းများလည်းမရှိသောကြောင့် လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကို ကြောက်နေရကြောင်းလည်း နောက်ထပ် ဒေသခံ ၁ ဦးက ပြောသည်။

“အမ်းမှာက ဗုံးခိုကျင်းတူးရင်ဖမ်းတယ်။ ဖမ်းခံထားရတဲ့သူ တချို့လည်း ရှိနေတယ်။ ဗုံးခိုကျင်းမရှိကြဘူး။ ခုဆို လေယာဥ်နဲ့ နေ့ခင်းရော့ ညပါ လာပစ်နေတော့ အရေးအကြောင်းဆို ပုန်းဖို့ နေရာက မရှိဘူး။ ကျမတို့မှာ အရမ်းအန္တရာယ်များတဲ့ အခြေအနေပါ။” ဟု ဆိုသည်။

အမ်းမြို့နယ်မှ စစ်ဘေးရှောင်အများစုမှာ မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားဓမ္မာရုံများတွင် ခိုလှုံနေကြရပြီး ၎င်းတို့မှာလည်း ဗုံးခိုကျင်းများ မရှိသည့်အတွက် လက်နက်ကြီးနှင့် လေကြောင်း အန္တရာယ်များကို ကြောက်လန့်နေကြရသည်ဟု သိရသည်။

ထို့အပြင် မြို့ဝင်/ထွက် ဂိတ်များကို အောက်တိုဘာလ ၁၆ ရက်နေ့ကတည်းက အလုံးစုံပိတ်ထားခြင်းဖြစ်ပြီး မြို့ထဲတွင် ဆန်နဲ့ အခြေခံ စားသောက်ကုန်များ ပြတ်လပ်နေပြီဟုလည်း သိရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နစခ ဂိတ်အနီး BE တပ်ရင်းအနီးတဝိုက်တို့တွင် နှစ်ဖက်တိုက်ပွဲများ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ရှိသည်ဟု ဒေသခံ များက ခန့်မှန်း ပြောဆိုကြသည်။

တိုက်ပွဲ ဖြစ်ပျက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် စစ်ကောင်စီဖက်ကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသလို AA ဖက်ကလည်း ယခုရက်ပိုင်းအတွင်း အမ်းတိုက်ပွဲနှင့်ပတ်သက်သည့်သတင်းများ ထုတ်ပြန်ခြင်းမရှိပေ။   

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ