သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA အား RSO အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဂျာလီယာဒွိကျွန်းမှ စက်လှေများဖြင့် လာရောက်ပစ်ခတ်မှုရှိ

AB News-စက်တင်ဘာ ၂၀၊ ၂၀၂၄

အာရက္ခတပ်တော်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းတွင်ရှိသည့် ဂျာလီယာဒွိကျွန်း (Jaliadwip Island) တွင် အခြေချတပ်စွဲထားသော မူဆလင်လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် RSO (Rohingya Solidarity Organization) အဖွဲ့မှ စက်လှေများဖြင့် လာရောက် ပစ်ခတ်မှုရှိကြောင်း ခိုင်လုံသည့် ဒေသခံ သတင်းရင်းမြစ်များက AB News သို့ပြောသည်။

ရက္ခိုင်မြေပိုင်နက်တွင်ရှိသည့် အာရက္ခတပ်တော်၏ နယ်ခြားစောင့်တပ်ဖွဲ့အား RSO မူဆလင်လက်နက်ကိုင်အဖွဲ့က ဂျာလီယာကျွန်းမှ စက်လှေ ၂ စီးဖြင့် လာရောက်၍ စက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ ညများတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

“ညဖက် ၁၂ နာရီ ၁ နာရီ အချိန်တွေမှာ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံကြားရတာ ၂ ည ရှိသွားပြီ၊ ကျမတို့ စုံစမ်းကြည့်လို့ သိရတာတော့ RSO အဖွဲ့ ဂျာလီယာကျွန်းကနေ ဘုတ် (စက်လှေ) တွေနဲ့ AA ကိုလာပစ်တာလို့ ပြောတယ်။” ဟု ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ည ၁၂ နာရီ ကျော်တွင် နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အလားတူ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီကျော်နှင့် ၁ နာရီကျော်တို့တွင် ၂ ကြိမ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသည့် မြေပြင် သတင်းရင်းမြစ် ၁ ဦးက ပြောသည်။

ထိုသို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် RSO အဖွဲ့သည် Jaliadwip ကျွန်းသို့ စက်လှေများဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ဂျာလီယာဒွိကျွန်း (Jaliadwip Island ) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်ကျွန်းဖြစ်ပြီး နတ်မြစ်တွင်ရှိကာ ရက္ခိုင်မြေပိုင်နက်နှင့် ၈၈၄.၇၄ မီတာခန့်သာ ကွာဝေးသည်ကို တွေ့ရသည်။

မောင်တောမြို့နယ်တစ်ခုလုံးအား အာရက္ခတပ်တော် AA က အပြီးသတ် ထိမ်းချုပ်နိုင်ရန် တိုက်ခိုက်လျက်ရှိပြီး မြို့ထဲတွင် စစ်ကောင်စီ နယ်ခြားစောင့်တပ်ခွဲ (နခခ-၅) တစ်ခုသာ ကျန်ရှိနေသည်ကို တွေ့ရသည်။

ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် ၁၆၈ မိုင်ကျော်ရှည်လျှားပြီး နယ်စပ်ဒေသများတွင် တောတောင်ထူထပ်ခြင်း နှင့် မြစ်၊ ချောင်း၊ အင်းအိုင်များစွာ ရှိနေသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်  ARA အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ နိုဘီဟူဆောင်းကို ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့တွင် လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မီဒီယာများတွင် ဖြေကြားထားသည်ကိုတွေ့ရသည်။

တခြားတစ်ဖက်တွင် RS0 အဖွဲ့ကို စစ်ကောင်စီနှင့် ပူးပေါင်းကာ အာရက္ခတပ်တော်အား တိုက်ခိုက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရဖက်က ပူးပေါင်းပါဝင်မှုများ ရှိခဲ့ကြောင်း ULA/AA ၏ ဇွန်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဓာတ်ပုံအထောက်အထား၊ သတင်းအထောက်များဖြင့် သတင်းထောက်များအား ရှင်းလင်းပြသခဲ့သည်ကို တွေ့ရသည်။

“ကျနော်တို့ ဒီမှာ ပြထားတဲ့ ပုံတွေမှာဆိုရင် မေလ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့  နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ Momen ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက မူဆလင် ဒုက္ခသည်စခန်းကို အလည်လာခဲ့တယ်။ သူသွားခဲ့တဲ့ ဖြစ်စဥ်မှာဆိုရင် RSO ၏နိုင်ငံရေး ခေါင်းဆောင်အဖြစ် လူသိများတဲ့ ကိုကိုလင်းဆိုတဲ့ ပုဂ္ဂိုလ်လည်း ပေါ်တင် ပါဝင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ သွေးရိုးသားရိုး သာမာန်ကိစ္စမဟုတ်ဘဲ RSO ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ အစိုးရကိုယ်တိုင် နောက်ကွယ်ကနေ ကမကထလုပ်ပြီး ဒုက္ခသည်စခန်းက လူငယ် လူရွယ်တွေကို စစ်သင်တန်းတက်ခိုင်းဖို့၊ လက်နက်တပ်ဆင်ပြီးတော့ မိမိတို့ အာရက္ခတပ်တော်ကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတာကို အထောက်အထားနဲ့ တကွ တွေ့နိုင်မှာ ဖြစ်ပါတယ်။” ဟု ရှင်းပြသွားသည်ကို တွေ့ရသည်။  

ထို့အပြင် မူဆလင်လက်နက်ကိုင်အဖွဲ့များသည် မတ်လမှ မေလအထိ ၃ လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ မူဆလင် ၁၇၀၀ ကျော်တို့အား ပြန်ပေးဆွဲ ဖမ်းဆီးကာ စစ်ကောင်စီတပ်ထံတွင် သင်တန်းတက် လက်နက်ကိုင်စေခဲ့ကြောင်းလည်း Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။