Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Elon Musk ၏ Starlink ထိန်းချုပ်နိုင်ရန် ဂြိုလ်တုပေါင်း ၁၃,၀၀၀ ကိုလွှတ်တင်ဖို့ တရုတ် ရည်ရွယ်ထား

Elon Musk ၏ Starlink ထိန်းချုပ်နိုင်ရန် ဂြိုလ်တုပေါင်း ၁၃,၀၀၀ ကိုလွှတ်တင်ဖို့ တရုတ် ရည်ရွယ်ထား

ABN-ကျော်ဇံ

ဘီလီယံနာ သူဌေးကြီး Elon Musk တည်ထောင်သည့် Starlink ဂြိုလ်တုအရေအတွက်ကို ကျော်လွန်မည့် အစီအစဥ်နှင့် ပတ်သက်ပြီး တရုတ်သုတေသနပညာရှင်များ ကြိုးပမ်းနေကြသည်။

ကမ္ဘာတဝှမ်းရှိ အင်တာနက်အသုံးပြုသူများကို ဝန်ဆောင်မှုပေးနိုင်ရန် နှင့် Elon Musk ၏ Starlink ကို ထိန်းညှိနိုင်ရန်အတွက် ကမ္ဘာ့ပတ်လမ်းအတွင်း အလွန်ကြီးမားသော ဆက်သွယ်ရေး ဂြိုလ်တု ကွန်ယက်ကြီးတစ်ခုကို တည်ဆောက်ရန် တရုတ်နိုင်ငံ စီစဥ်နေသည် ဟု သုတေသနပညာရှင်များက ဆိုသည်။

ဘေကျင်းမြို့ရှိ တရုတ်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PLA) – Space Engineering University မှ တွဲဖက်ပါမောက္ခ Xu Can ဦးဆောင်သည့် အဖွဲ့၏ ပြောကြားချက်အရ ထိုစီမံကိန်း၏ လျှို့ဝှက်အမည်ကို “GW” ဟုပေးထားသော်လည်း ထိုစကားလုံးများ၏ အရှည်ကောက်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

GW ကွန်ယက်တွင် အသစ်တည်ထောင်ထားသည့် China Satellite Network Group ကုမ္ပဏီက ပိုင်ဆိုင်သည့် ဂြိုလ်တုပေါင်း ၁၂,၉၉၂ အထိပါဝင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တရုတ်ဘာသာဖြင့် ရေးသားထုတ်ဝေသည့် Command Control and Simulation ဂျာနယ်တွင် Starlink ကို ပြိုင်ဆိုင်မည့် အတိုင်းအတာနှင့်ပတ်သတ်ကာ ရေးသားသည့် စာတမ်း၌ ပါမောက္ခ Xu နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက ပြောကြားထားသည်။

ဤဂြိုလ်တုများ လွှတ်တင်မည့် အစီအစဥ်ကို မသိရသေးသော်လည်း ၂၀၂၇ မတိုင်ခင် အရေအတွက် ၁၂,၀၀၀ ကျော်ရှိလာမည့် Starlink စီစဥ်ထားသည့် ကွန်ယက်တွင်ပါရှိသည့် အရေအတွက်ကို ယှဥ်ပြိုင်ကျော်လွှားနိုင်လိမ့်မည် ဟု ဆိုသည်။

GW ဂြိုလ်တု ကွန်ယက်ကို Starlink ကုမ္ပဏီ၏ အရေအတွက် မပြည့်ခင် မြန်မြန်ဆန်ဆန် စတင်သွားဖို့ ရှိနေသည် ဟု ပါမောက္ခ Xu ၏ အဖွဲ့က ပြောကြားသည်။ “ကျွန်တော်တို့ တရုတ်နိုင်ငံမှာ ကမ္ဘာ့ပတ်လမ်း နေရာအနိမ့်မှာ နေရာရှိပါတယ်၊ ဒီလို တည်ထောင်လိုက်ခြင်းက Starlink ရဲ့ ကမ္ဘာ့ပတ်လမ်း အနိမ့်လမ်းကြောင်းမှာ လွမ်းမိုးနေရာယူတာကို တားဆီးနိုင်ဖို့ ဖြစ်တယ်” ဟု ထိုအဖွဲ့မှ ရေးသားခဲ့သည်။

တရုတ် ဂြိုလ်တု ကွန်ယက်ကို Starlink ကွန်ယက်မရောက်သေးသည့် နေရာများတွင် ထားရှိသွားမည်ဖြစ်ပြီး တခြားသာသော ပတ်လမ်းနေရာများတွင်လည်း အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများရှိအောင် လုပ်နိုင်ကာ Starlink ကိုပင် ကျော်လွန်လာလိမ့်မည် ဟု ထိုသုတေသန ပညာရှင်များက ပြောဆိုခဲ့ကြသည်။

တရုတ်အမျိုးသား အာကာသ ဌာန (China National Space Administration) ၏ မကြာသေးမီက လုပ်ဆောင်ခဲ့သည့် လေ့လာမှုတစ်ခုတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ဖိတ်ခေါ်ထားပြီး ဤကဲ့သို့ ဂြိုလ်တုကွန်ယက်များ ယှဥ်ပြိုင်ခြင်းက တစ်ယောက်ကို တစ်ယောက် အန္တရာယ်ပေးလိမ့်မည် ဟု ဆိုထားသည်။

SpaceX ကုမ္ပဏီပြောကြားချက်အရ Starlink ကွန်ယက်တွင် ကမ္ဘာ့ပတ်လမ်း၌ လက်ရှိမှာ ဂြိုလ်တုအရေအတွက် ၃,၀၀၀ ကျော်ရှိပြီး နောင်တွင် ဂြိုလ်တုအရေအတွက် ၄၀,၀၀၀ ကျော်အထိ ရှိလာဖို့ ရည်ရွယ်ထားသည် ဟု ဆိုသည်။

တရုတ်အာကာသ ထောက်လှမ်းရေးနှင့် ကာကွယ်ရေးစွမ်းရည်သည် ထိုကဲ့သို့ များပြားလှသည့် ဂြိုလ်တုအရေအတွက်ကို ထိန်းညှိစောင့်ကြည့်နိုင်စွမ်းမရှိကြောင်း Xu ဦးဆောင်သည့် အဖွဲ့က ဆိုသည်။

သုတေသနပညာရှင်များ၏ စာတမ်းတွင် Starlink ဂြိုလ်တုများသည် သူတို့၏ တည်နေရာများ နှင့် ဆက်သွယ်ဆောင်ရွက် နေရာချထားရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန မှ သတင်းအချက်အလက်များကို ရယူနိုင်ပြီး ထိုဂြိုလ်တုများတွင် အာကာသ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် ထောက်လှမ်းရေး ဆင်ဆာများ တပ်ဆင်ထားသည်ဟု ရေးသား ဖော်ပြထားသည်။

“Starlink ဂြိုလ်တုတွေဟာ အာကာသမှာ ရှိတဲ့ အနီးအနားပစ်မှတ်နေရာတွေကို ထိမှန်ပြီး ဖျက်ဆီးဖို့ သူတို့ရဲ့ ပတ်လမ်းအတွင်း ထိန်းကျောင်းသွားလာနိုင်စွမ်း တွေကို ကို အသုံးချလိမ့်မယ်” လို့ သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

Starlink ဂြိုလ်တုများကို ခြေရာခံနိုင်ရန်နှင့် အမျိုးအစားခွဲခြားနိုင်ရန် တရုတ်နိုင်ငံအနေဖြင့် နည်းပညာအသစ်များဖြင့် အားဖြည့်ထားသည့် ပိုမိုအားကောင်းသည့် ရေဒါစနစ်များကို တည်ဆောက်ရန် စီစဥ်နေသည် ဟု သူတို့က ဆိုသည်။

ပြီးလျှင် ဂြိုလ်တုတိုင်း၏ အသေးစိတ်အချက်အလက်များပါဝင်မည့် “Starlink ဂြိုလ်တုစာရင်း”ကို အဆင့်မြှင့်တင်ရန်အတွက် ထိုရေဒါနှင့် ကာကွယ်ရေးအစီအမံများကို အသုံးချသွားမည်ဟု လည်း ဆိုထားသည်။

တရုတ်အစိုးရသည် Starlink စိုးမိုးမှုကို ယှဥ်ပြိုင်မည့် ကွန်ယက်တစ်ခုကို ဖွဲ့စည်းနိုင်ရန် တခြားသော အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး SpaceX အနေဖြင့် အာကာသတွင်လည်ပတ်နေသည့် Starlink ဂြိုလ်တုများ၏ တိကျသည့် အချက်အလက်များကို ထုတ်ပြန်ရန် တောင်းဆိုသင့်ကြောင်း ထို ပညာရှင်များက ပြောကြားခဲ့သည်။

လေဆာရောင်ခြည်နှင့် အဆင့်မြင့် လျှပ်စစ်လှိုင်းသုံးထားသည့် လက်နက်အသစ်များကို တပ်ဆင်ကာ တရုတ်နိုင်ငံနှင့် အရေးကြီးသည့် ဒေသများကို ဖြတ်သန်းသွားသည့် Starlink ၏ ဂြိုလ်တုများကို ပစ်ချရန် အသုံးပြုနိုင်သည် ဟု လည်း ဆိုထားသည်။

ယူကရိန်းစစ်တပ်သည် ရူရှားတပ်များကို ခုခံရာတွင် Starlink ဝန်ဆောင်မှုများကို ထိထိရောက်ရောက် အသုံးပြုခဲ့သည်။ ရူရှား-ယူကရိန်း စစ်ဖြစ်ကတည်းကပင် တရုတ်စစ်ဖက်ဆိုင်ရာ သုတေသနပညာရှင်များသည် လိုအပ်ပါက Starlink ကို ဖျက်ဆီးရန် ဆောင်ရွက်ခြင်းများကို ထပ်ခါတလဲလဲ တောင်းဆိုခဲ့ဖူးသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် SpaceX တည်ထောင်သူ Elon Musk က သူတို့ ကုမ္ပဏီအနေဖြင့် Starlink ဂြိုလ်တုများကို စစ်ဖက်ဆိုင်ရာကိစ္စများတွင် အသုံးပြုခြင်းကို ကန့်သတ်သွားမည် ဖြစ်ပြီး တတိယကမ္ဘာစစ်ကို ဦးတည်သွားမည့် ပဋိပက္ခများကို များပြားလာအောင် မကူညီနိုင်ကြောင်း တွစ်တာ တွင် ရေးသားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယူကရိန်းတွင် Starlink ဂြိုလ်တုများနှင့် အင်တာနက်အသုံးပြုခြင်းနှင့် ပတ်သတ်ကာ Elon Musk နှင့် ပြောဆိုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

Bangkok Post သတင်းပါ China aims to launch 13,000 satellites to ‘suppress’ Starlink ကို ကျော်ဇံဘာသာပြန်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ