သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ်တွင် ဓားခုတ်မှုဖြစ်ပွား၊ အမျိုးသား ၁ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
သံတွဲမြို့နယ်တွင် ဓားခုတ်မှုဖြစ်ပွား၊ အမျိုးသား ၁ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

AB News – ဩဂုတ် ၁၉၊ ၂၀၂၅
နွယ်စိုး

သံတွဲမြို့နယ်၊ မျှော့ဝမ်းရွာတွင် ဩဂုတ်လ ၁၇ ရက်နေ့က ဓားခုတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးကာ နောက်ထပ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက် (၅၀) အရွယ်ရှိ မျှော့ဝမ်းရွာသား ဦးလှဝင်းဖြစ်ပြီး ကျူးလွန်သူမှာ ၎င်း၏အိမ်တွင် နေထိုင်သည့် ဝိုင်းချစ်ဆိုသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝိုင်းချစ်သည် အရက်သေစာသောက်စားပြီး အိမ်တွင် ဆူပူရမ်းကားနေစဉ် ဦးလှဝင်းက အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်ကြားရာမှ စတင်​ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဦးလှဝင်းက အုပ်ချုပ်ရေးမှူးအိမ်သို့ တိုင်ကြားရန်သွားစဉ် ဝိုင်းချက်က ဆိုင်ကယ်ဖြင့် ဓားကိုင်ဆောင်ကာ နောက်မှလိုက်၍ အုပ်ချုပ်ရေးမှူးအိမ်အနီးတွင် ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“အိမ်မှာ သူ့ဘာသာသူ အေးအေးချမ်းချမ်းနေတာ။ သူ့အိမ်မှာနေတဲ့ ဝိုင်းချစ်က မူးယစ်ပြီး လာရမ်းကားတယ်၊ ဆူပူသောင်းကျန်းမှုလုပ်တယ်။ အဲ့ဒါကို မခံမရပ်နိုင်ဖြစ်လို့ အုပ်ချုပ်ရေးမှူးအိမ် သွားတိုင်တဲ့လမ်းမှာ ဝိုင်းချစ်က လိုက်ပြီး ထိုးသတ်တာ” ဟု ဆိုသည်။

ဓားခုတ်ခံရမှုကြောင့် ဦးလှဝင်းသည် ဘယ်ဘက်ပါး၊ ဘယ်ဘက်နားနှင့် ဘယ်ဘက်ပခုံးတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျူးလွန်သူ ဝိုင်းချစ်သည် ကျိန္တလီမြို့နယ်၊ စေတီကွင်းကျေးရွာမှ ဝင်းဇော်နှင့် လက်ပံခုံကျေးရွာမှ ပြည်စုံအောင်တို့ စီးလာသော ဆိုင်ကယ်ကိုလည်း ဟန့်တားခဲ့သည်။

ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီးနောက် ဓားဖြင့်ခုတ်ကာ ဝင်းဇော်၏ အနက်ရောင်လွယ်အိတ်ကို ဆွဲယူသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဝိုင်းချစ်က မင်းတို့မှာ ဘာတွေပါလဲဆိုပြီး ဓားနဲ့ လွယ်အိတ်ကို အတင်းဆွဲယူသွားတယ်။ တစ်သောင်းတန်နဲ့ ငါးထောင်တန်တွေပါတဲ့ ပိုက်ဆံ (၁၀၀၀၀၀) ကျပ် ပါသွားတယ်။ ပြီးတော့ ဝင်းဇော်ကိုလည်း ခုတ်သွားတယ်” ဟု ဆိုသည်။

ယင်းနောက် ဝိုင်းချစ်သည် ဝင်းဇော်အား ဓားဖြင့်ခုတ်ရာ ပြည်စုံအောင်က လက်ဖြင့်ကာလိုက်သဖြင့် ၎င်း၏လက်ဖဝါးတွင် ပြတ်ရှဒဏ်ရာရခဲ့ပြီး လက်ခလယ်တစ်ချောင်းလည်း ပြတ်သွားခဲ့သည်။

ဝင်းဇော် နှင့် ပြည်စုံအောင်တို့ ၂ ဦးသည် ပြတ်ရှဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူ ဝိုင်းချစ် အား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (DELPS) အဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ