
AB New-ဇန်နဝါရီ ၂၀၊ ၂၀၂၆
အမ်း–ပဒါန်းကားလမ်းပေါ်ရှိ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာအနီးတွင် စစ်ကော်မရှင်တပ်ဖွဲ့များနှင့် အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်တို့အကြား စစ်ရေးထိတွေ့မှုများ ပြင်းထန်လာနေပြီး စကမ ဘက်မှ လေကြောင်း၊ ဒရုန်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိတွင် နတ်ရေကန်အနီးရှိ ပဇီကျေးရွာနှင့် ဂုတ်ကြီးကျေးရွာကြားဒေသ၌ နှစ်ဖက်တပ်ဖွဲ့များ၏ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်၏ ရွေ့လျားစစ်ကြောင်းအချို့သည် ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် အထိအခိုက် အကျအဆုံးများကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဖော်ပြသည်။
စစ်ကော်မရှင်ဘက်မှ အကျအဆုံးများလာသည်နှင့်အမျှ လက်နက်ကြီးပစ်ခတ်မှုများ၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ပိုမိုအသုံးပြုလာကာ ပဒါန်းဘက်မှလည်း လက်နက်ကြီးကူပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ထိုအခြေအနေများကြောင့် နတ်ရေကန်စစ်မျက်နှာတစ်လျှောက် တင်းမာမှုမှာ နေ့စဉ်နီးပါး ဆက်လက်မြင့်တက်နေသည်။
နတ်ရေကန်ဒေသတွင် စစ်ကော်မရှင်၏ စကခ–၁၄ နှင့် စခက–၁၇ ပူးပေါင်းတပ်ဖွဲ့များ ပါဝင်လှုပ်ရှားနေပြီး ယခင်လများအတွင်း ဂုတ်ကြီးကျေးရွာအနီးတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် နတ်ရေကန်ဗျူဟာစခန်းသို့ ကုန်းလမ်းဖြင့် ထောက်ပံ့နိုင်ခြင်း ခက်ခဲလာသဖြင့် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို လေကြောင်းမှတဆင့် ပစ်ချကာ ဖြည့်တင်းနေရသော အခြေအနေဖြစ်နေကြောင်းသိရသည်။
တဖက်တွင်လည်း နတ်ရေကန်ဗျူဟာအတွင်း အဓိကစခန်းကြီးဖြစ်သည့် ကမ္ဘာလုံးစခန်းအား အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက လနှင့်ချီ ဝန်းရံပိတ်ဆို့ထားပြီး စားနပ်ရိက္ခာနှင့် စစ်ရေးထောက်ပံ့မှုများကို ဖြတ်တောက်ထားကြောင်း သိရသည်။
နတ်ရေကန်ဗျူဟာသည် မကွေး-ရက္ခိုင်အစပ်ရှိ လေကြောင်းရန်ကာကွယ်ရေး၏ အရေးပါသော စခန်းတစ်ခုဖြစ်ပြီး ရက္ခိုင်ပြည်နှင့် မကွေးတိုင်းကို ချိတ်ဆက်ထားသည့် စစ်ရေးအချက်အချာနေရာတစ်ခုဖြစ်သောကြောင့် နှစ်ဖက်လုံးအတွက် မဟာဗျူဟာကျသော နေရာဖြစ်သည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ် အစောပိုင်းမှ စတင်ကာ မကွေးတိုင်းဘက်သို့ ထိုးစစ်ဆင် လှုပ်ရှားလာခဲ့ပြီး ရက္ခိုင်ရိုးမတောင်တန်းပေါ်ရှိ နတ်ရေကန်ဗျူဟာနှင့် ဆက်စပ်နေသည့် ကာကင်းစခန်းအချို့အပြင် ကျေးရွာအချို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထိုအပြင် စစ်ကော်မရှင်ဘက်မှလည်း နတ်ရေကန်မှ တဆင့် အမ်း–ပဒါန်းလမ်းပိုင်းကို အသုံးပြု၍ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းနေသဖြင့် ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက် စစ်ရေးတင်းမာမှုများမှာ လနှင့်ချီ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။